Connect with us

MYANMAR

ပြည်သူ့ကျန်းမာရေးကာကွယ်စောင့်ရှောက်ရေးနှင့် စီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှုများလျော့နည်းစေရန် တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိဟု ပြည်ထောင်စုဝန်ကြီးရှင်းလင်းပြောကြား

၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ မိန့်ခွန်း ပြောကြားနေစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office )

ရန်ကုန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) 

အစိုးရအနေဖြင့် ပြည်သူ့ကျန်းမာရေးကာကွယ်စောင့်ရှောက်ရေးနှင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်(CERP)ကိုအကောင်အထည်ဖော်ပြီးစီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှုများလျော့နည်းစေရန် တစ်ပြိုင်တည်းဆောင်ရွက်လျက် ရှိကြောင်းမြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံသည် ကပ်ရောဂါကြီးကို တိုက်ဖျက်ရာတွင် ပရဟိတစိတ် ၊ ဆိုးတူကောင်းတူ မျှဝေခံစားမှုစိတ်များကိုအခြေခံပြီး ပြည်သူများ၏ အင်အားဖြင့် တစ်နိုင်ငံလုံးပါဝင်ဆောင်ရွက်သည့် နည်းလမ်းကိုချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ၊ ထိုသို့ ဆောင်ရွက်မှုများကြောင့် ဗိုင်းရပ်၏ ပထမလှိုင်းကိုအောင်အောင်မြင်မြင် ထိန်းချုပ် ကျော်လွှားနိုင်ခဲ့သော်လည်း ဒုတိယလှိုင်း၏ စိန်ခေါ်မှုကိုရင်ဆိုင်နေရကြောင်း ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက ထည့်သွင်းပြောကြားခဲ့သည်။ 

ထို့အတူလူမှုဖူလုံရေး ကာကွယ်စောင့်ရှောက်မှုများမရရှိကြဘဲ နိုင်ငံရပ်ခြား၌ အခက်အခဲဖြင့် ကြုံတွေ့နေကြရသည့် မိမိနိုင်ငံသားများ ၊ ရွှေ့ပြောင်းအလုပ်သမားများကိုလည်း ဗိုင်းရပ်ကူးစက်နိုင်သည့် အန္တရာယ်ရှိသော်လည်း အမိနိုင်ငံဆီကိုပြန်လည် ခေါ်ဆောင်လျက်ရှိကြောင်း ၊ “မည်သူ့ကိုမှ ချန်မထားရေးမူ” အရ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန် ဆောင်ရွက်မှုတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ၊ မသန်စွမ်းများ ၊ လုပ်အားခနည်းသည့်  လုပ်သားများစသည့် လူတန်းစားအလွှာ အားလုံးအတွက်ပါ အကျုံးဝင်ပါကြောင်း ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ ယာယီခိုလှုံရာစခန်းများတွင် COVID-19 ရောဂါ ကူးစက်မှုကိုကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းစီမံချက်တစ်ရပ်ကို အစိုးရအနေဖြင့် ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မိန့်ခွန်းပြောကြားရာတွင် COVID-19 ကပ်ရောဂါအားကျော်လွှားနိုင်ရေးနှင့် ကုလသမဂ္ဂအားအားလုံးလိုလားသောအဖွဲ့အစည်းတစ်ခုဖြစ်လာစေရေးတို့အတွက် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ၏ အရေးပါပုံကိုအလေးပေးပြောကြားခဲ့ကြောင်းသိရသည်။ 

ပြည်ထောင်စုဝန်ကြီးက “မည်သူ့ကိုမျှ ချန်လှပ်မထားရေး” မူကိုကိုင်စွဲကာ ကပ်ရောဂါအားကာကွယ်တုံ့ပြန်ရေးအတွက် လည်းကောင်း ၊ မြန်မာနိုင်ငံတွင် နေထိုင်ကြသူအားလုံးအတွက် ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စစ်မှန်သောဒီမိုကရေစီပေါ်ထွန်းရေးနှင့် အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက် ရေးတို့ ရရှိစေရေးအတွက်လည်းကောင်း၊ ပြည်တွင်းတရားစီရင်ရေးစနစ်နှင့် အညီတာဝန်ခံမှုကိစ္စအားကိုင်တွယ် ဆောင်ရွက်မှုအပါအဝင် ရခိုင်ပြည်နယ်၏ ရှုပ်ထွေးသောအခြေအနေများကိုဖြေရှင်းရေးအတွက်လည်းကောင်းမြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကိုအသိပေးပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)