Connect with us

MYANMAR

COVID-19 ရောဂါ အရေးပေါ်လူနာများအတွက် ပျောက်ကင်းပြီးသူများ၏ သွေးရည်ကြည်အလှူရှင်များ လိုအပ်လျက်ရှိ

ရန်ကုန်မြို့တွင် နှာခေါင်းစည်းဖြင့် သွားလာနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

COVID-19 ရောဂါဖြစ်ပွားနေသော အရေးပေါ်လူနာများအတွက် COVID-19 ရောဂါပျောက်ကင်းပြီးသူများ၏ သွေးရည်ကြည် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး က “သွေးရည်ကြည်ကုထုံးနဲ့ ကုသဖို့အတွက် သွေးရည်ကြည်အလှူရှင်တွေ လိုအပ်နေပါတယ်။ သွေးရည်ကြည်လှူတဲ့အချိန် သွေးထဲမှာ ဗိုင်းရပ်စ်ပိုးကိုသေစေတဲ့ Neutralizing Antibody သွေးရည်ကြည်ရဖို့ လိုအပ်တယ်။ အခုကတော့ သွေးရည်ကြည်အလှူရှင်တွေ လိုအပ်နေပါတယ်” ဟု ဆင်ဟွာသို့ အောက်တိုဘာ ၁ ရက်တွင်ပြောကြားသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုကို ယခုနှစ် မတ်လတွင် စတင်တွေ့ရှိခဲ့ပြီး ရောဂါသစ်ဖြစ်သည့် COVID-19 အား ကုသရန် သီးသန့်ကုထုံးမရှိသဖြင့် လူနာများကို အကောင်းဆုံးကုသမှု ပေးနိုင်ရေးအတွက် ပါမောက္ခများ ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း ၊ COVID-19 ကို ကုသမှုပိုမိုထိရောက်စေရန်နှင့် ရောဂါကြောင့် သေဆုံးမှု နည်းပါးစေရေးအတွက် သွေးရောဂါပါမောက္ခ ဒေါက်တာရဲမြ ဦးဆောင်ပြီး ပါမောက္ခများပါဝင်သော အဖွဲ့က ကုသမှုသုတေသနပုံစံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သွေးရည်ကြည်ကုထုံးမှာ COVID-19 မှ ပြန်လည်သက်သာကောင်းမွန်ခဲ့သူများ ၏ သွေးရည်ကြည်တွင် COVID-19 ကို တိုက်ဖျက်နိုင်သော ပဋိပစ္စည်း (antibody) များ ပါဝင်ပြီး COVID-19 လူနာများအား အဆိုပါသွေးရည်ကြည်ဖြင့်ကုသပေးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကိုယ်တိုင် COVID-19 ရောဂါကိုဖြစ်ပွားခံစားခဲ့ရပြီး ပြန်လည်သက်သာခဲ့သူများအနေဖြင့် ကိုယ်ချင်းစာစိတ်ပြည့်ဝစွာဖြင့် လှူဒါန်းသူများအားလည်းကျေးဇူးတင်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ 

COVID-19 ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းသူ အသက် ၁၈ နှစ် မှ ၅၅ နှစ် အတွင်း ကိုယ်အလေးချိန်ပေါင် ၁၂၀ နှင့် အထက်ရှိသူများအနေဖြင့် COVID-19 ရောဂါဖြစ်ပွားနေသောအရေးပေါ်လူနာများအတွက် သွေးရည်ကြည်လှူဒါန်းနိုင်ကြောင်း၊ သွေးရည်ကြည်လှူဒါန်းလိုပါက ၀၉-၅၁၃၀၄၁၈ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက် ည ၈ တွင် COVID-19 ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၃၆၄ ဦးရှိခဲ့ရာ လက်ရှိအချိန်ထိ  ဆေးရုံမှ ဆင်းခွင့်ရသူ စုစုပေါင်း  ၃,၇၅၅ ဦးထိ ရှိပြီဖြစ်ကြောင်း သိရသည်။  (Xinhua)