Connect with us

MYANMAR

ရခိုင်ပြည်နယ်မှ ပြန်လာသူများထံ ဆက်သွယ်ရာ၌ ပူးပေါင်းဆောင်ရွက်ရန် နှင့် ရောဂါစတင်ဖြစ်ပွားကူးစက်စေသူ အဖြစ်ရောက်ရှိပါက ပြင်းထန်စွာအရေးယူခြင်းခံရမည်ဟု ထုတ်ပြန် 

ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင် တစ်ခုတွင် နှာခေါင်းစည်း တပ်ဆင်ထားသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါ ဖြစ်ပွားကူးစက်ပျံ့နှံ့မှု မရှိစေရန် ဩဂုတ် ၁၀ ရက်နောက်ပိုင်း ရခိုင်ပြည်နယ်မှ ပြန်လာသူများထံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆက်သွယ်ရာ၌ မဖြစ်မနေပူးပေါင်းဆောင်ရွက်ပေးကြရန် နှင့် ပြန်လည်ရောက်ရှိနေထိုင်သူများအနေဖြင့် ဒေသအတွင်း ရောဂါစတင်ဖြစ်ပွားကူးစက်စေသူအဖြစ်ရောက်ရှိပါက  တည်ဆဲဥပဒေများအရ ပြင်းထန်စွာအရေးယူ ခြင်းခံရနိုင်ကြောင်း ယနေ့စက်တင်ဘာ ၂ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

 ရခိုင် ပြည်နယ်မှ ဩဂုတ် ၁၀ ရက်မှ ၂၁ ရက်အထိ လေကြောင်းခရီးဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့ ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၅,၄၀၉ ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆက်သွယ်ရန် ဆောင်ရွက်ခဲ့ကြောင်း ၊ တွေ့ရှိချက်များအရ ခရီးသွားလာခဲ့သူများအနက်မှ ထက်ဝက်ကျော်ဖြစ်သည့် ၂,၅၄၇ ဦး ၊ ၅၃ ဒသမ ၃ ရာခိုင်နှုန်းသည် ဖုန်းပြန်လည်ဖြေကြားမှုမရှိခြင်း နှင့် လက်ခံဖြေကြားခဲ့သူအချို့မှာလည်း သက်ဆိုင်ရာကျန်းမာရေး ဌာနနှင့် အုပ်ချုပ်ရေးဌာနများသို့ ဆက်လက်သတင်းပို့ခြင်းနှင့် အသွားအလာကန့်သတ်ခြင်း လုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် ရောဂါဆက်လက်မပြန့်ပွားစေရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ အလွန်အားနည်းနေသည်ကို တွေ့ရှိရကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ 

ပြည်သူလူထုအတွင်း ရောဂါဆက်လက်အဆင့်ဆင့်ပြန့်ပွားမှုများမရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပါဝင်ပေးကြရန် နှင့် ထုတ်ပြန်ကြေညာထားသော အမိန့်ညွှန်ကြားချက်များ လိုက်နာမှု မရှိခြင်း/ချိုးဖောက်ခြင်း၊ သတင်းထိန်ချန်မှုပြုလုပ်ခြင်းများကို တွေ့ရှိရပါက တည်ဆဲဥပဒေဖြစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးနှိုးဆော်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဆေးသုတေသနဦးစီးဌာနမှ ဆရာဝန်များ၊ အရာရှိများနှင့် အရာထမ်းများ (၇၁) ဦးသည် ဩဂုတ် ၃၀ ရက်မှ ၃၁ ရက်အတွင်း ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့ရာတွင် ခရီးသွားလာခဲ့သူများအနက် ၃,၀၄၃ ဦး၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များအား ဖုန်းခေါ်ဆိုမှုပေါင်း ၆,၀၈၈ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ၊ ခရီးသွားလာခဲ့သူ ၁,၄၆၆ ဦး ၊ ၄၈ ဒသမ ၁၈ ရာခိုင်နှုန်းမှာ ဖုန်းလက်ခံ ဖြေကြားခဲ့ကြောင်း ၊ ထိုသူများအနက် ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးဌာနများသို့ ဆက်လက်သတင်းပို့သူ ၇၈၂  ဦး ရှိပြီး အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သူ ၆၆၁ ဦး ရှိကြောင်း ၊ ဖုန်းကိုင်သော် လည်း အချက်အလက် ပြန်လည်မပြောခဲ့သူ (ဖုန်းချသွားခြင်း၊ ဖြေကြားရန်ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ် မှားယွင်းနေသည်ဟုပြော၍ ထပ်မံဆက်သွယ်မရတော့ခြင်း)မှာ ထက်ဝက်ကျော်ဖြစ်သည့် (၁,၅၇၇) ဦး ၊ ၅၁ ဒသမ ၈၂ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့သည်။ 

ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဆရာဝန်များ၊ အရာရှိများနှင့် အရာထမ်းများ ၂၃  ဦးသည် ဩဂုတ် ၃၀ ရက်မှ ၃၁ ရက်အတွင်း  ခရီးသွား လာသူများအနက် ၁,၇၁၆ ဦး၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များအား ဆက်သွယ်ခေါ်ဆိုခဲ့ရာ ၇၄၆ ဦး ၊ ၄၃.၄၇ ရာခိုင်နှုန်းမှာ ဖုန်းလက်ခံ ဖြေကြားခဲ့ကြောင်း ၊ ထိုသူများအနက် ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးဌာန များသို့ ဆက်လက်သတင်း ပို့သူ ၅၂၀ ဦး ၊ ၆၉ ဒသမ ၇၁ ရာခိုင်နှုန်းရှိပြီး အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သူ ၄၈၁ ဦး ၊ ၆၄ ဒသမ ၄၈ ရာခိုင်နှုန်း ရှိကြောင်း ၊ ဖုန်းဆက်သွယ်ခဲ့သူများအနက်မှ ဖုန်းအဆက် အသွယ် မရရှိသူ (ဖုန်းချသွားခြင်း၊ ဖြေကြားရန် ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ်မှားယွင်းနေသည်ဟုပြော၍ ထပ်မံဆက်သွယ်မရတော့ခြင်း)မှာ ၉၇၀ ဦး ၅၆ ဒသမ ၅၃ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယခုအခါ ရခိုင်ပြည်နယ်တွင် တွေ့ရသော COVID-19 ရောဂါဖြစ်ပွားနေသူများအနက် ၇၁ ရာခိုင်နှုန်းသည် အမြင်အားဖြင့် ရောဂါလက္ခဏာတစ်စုံတစ်ရာမပြဘဲ နေကောင်းကျန်းမာစွာဖြင့်ရှိသော်လည်း ရောဂါပိုးကို သယ်ဆောင်ကာ အလွန်လျင်မြန်သည့်နှုန်းဖြင့် ရောဂါဆက်လက်ဖြန့်ဖြူးနေနိုင်သူဖြစ်ရန် အခွင့်အလမ်း အလွန်များပြားလျက် ရှိကြောင်း ၊ ထိုသို့ ရောဂါပိုးသယ်ဆောင်သူများမှတဆင့် ချစ်ခင်ရသော မိသားစုဝင်များ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူများနှင့် နာတာရှည်ရောဂါ (ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါ)ရှိသူ မိဘ/ဘိုးဘွား/ဆွေမျိုး များထံ အလွန်လျင်မြန်စွာဆက်လက်ကူးစက်ရာမှ ၎င်းတို့ကိုအသက်သေဆုံးစေနိုင်သည်အထိ နောက်ဆက်တွဲဆိုးကျိုးများစွာ ခံစားရနိုင်ကြောင်း ထည့်သွင်း ထုတ်ပြန်ထားသည်။ 

ထို့အပြင် မိသားစုနှင့်ဆက်စပ်လျက်ရှိသော အိမ်နီးချင်းများ၊ သူငယ်ချင်းမိတ်ဆွေများထံသို့ အဆင့်ဆင့် ဆက်လက်ကူးစက်စေနိုင်သည့်အတွက် ခရီးသွားခဲ့သူအနေဖြင့် ပြန်လည်ရောက်ရှိနေထိုင်ရာ ဒေသအတွင်း ရောဂါစတင်ဖြစ်ပွားကူးစက်စေသူအဖြစ်ရောက်ရှိကာ တည်ဆဲဥပဒေများအရ ပြင်းထန်စွာအရေးယူ ခြင်းခံရနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)