Connect with us

MYANMAR

ပြည်ပနိုင်ငံများ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၃,၀၀၀ ကျော်ကို ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်

ပုံစာ - ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား လေဆိပ်၌ တွေ့ရစဉ်(ဓာတ်ပုံ - MOFA)

ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) 

ပြည်ပနိုင်ငံများ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၃,၁၇၂ ဦးကို ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် စက်တင်ဘာ ၁ ရက်အထိ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။ 

 နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတ နိုင်ငံ၊ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် (၂၀) ကြိမ်မြောက် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် စက်တင်ဘာ ၁ ရက်တွင် ပြန်လည် ခေါ်ဆောင်လာခဲ့ရာ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဆွစ်ဇာလန် ၊ ဘယ်လ်ဂျီယံ ၊ ဘရာဇီးလ် ၊ ကနေဒါ ၊ ပြင်သစ် ၊ အင်ဒိုနီးရှား ၊ ဗြိတိန် ၊ အီတလီ ၊ နော်ဝေ ၊ တောင်အာဖရိက ၊ အမေရိကန် ၊ ကိုရီးယားသမ္မတ နိုင်ငံများသို့ ရောက်ရှိနေကြသည့်  မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၂ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။ 

ပြန်လည်ရောက်ရှိလာခဲ့သော မြန်မာနိုင်ငံသားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117