Connect with us

MYANMAR

ရန်ကုန်မြို့နေပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေး နှင့် ကူးစက်ရောဂါပြန့်ပွားမှုမှ အထိုက်အလျောက်ကာကွယ်နိုင်ရေး သားငါးစားသောက်ကုန်များ လှည့်လည်ရောင်းချမည်

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာနေသော အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့နေပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူစားသုံးနိုင်စေရေး၊ မိမိတို့နေအိမ်မှ ကွာဝေးသော ဈေးများသို့ သွားရောက် ဝယ်ယူခြင်းမပြုသည့်အတွက် ကူးစက်ရောဂါပြန့်ပွားမှုမှ အထိုက်အလျောက်ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သားငါးစားသောက်ကုန်များအား မိမိတို့ရပ်ကွက်တွင်းတွင် ဝယ်ယူရရှိနိုင်စေရေးတို့ကို ရည်ရွယ်၍ သားငါးစားသောက်ကုန်များ လှည့်လည်ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ထံမှ သိရသည်။

“အဲဒီမှာ အရေးကြီးဆုံး အချက်က လက်ရှိ ဖြန့်ဖြူးရောင်းချနေတဲ့ ဈေးတွေကနေပဲ ဖြစ်ဖြစ် ၊ လက်ရှိ ဖြန့်ဖြူးရောင်းချနေတဲ့ သူရဲ့ Supply Chain ကိုလည်း မထိခိုက်အောင်လို့ လုပ်မှာပါ ။ ဒီလို သွားရောင်းချတယ်ဆိုတာ ဈေးတွေရှေ့ကနေ ပိတ်ပြီးတော့ ဒီဈေးတွေ မရောင်းရအောင်လို့ ဈေးတွေ ချပြီးရောင်းတဲ့ ပုံစံမျိုး အဲလိုမျိုးလည်း မဟုတ်ဘူး ။ အဲလို စိတ်ပူစရာ မလိုဘူး ။ ဈေးတွေကလည်း လက်ရှိ ရှိနေတဲ့ Supply Chain နဲ့ သူ့ Oulet တွေကလည်း သူဟာနဲ့သူ ၊ သူပုံစံနဲ့သူ ရောင်း ၊ ဒီရောင်းတဲ့စနစ်ကကြတော့ အဲဒီဈေးတွေနဲ့ အကျုံးမဝင်တဲ့ Product တွေ ၊ လက်လှမ်းမမီနိုင်တဲ့ နေရာမျိုးတွေ ဒါမျိုးတွေကို Supply Chain တစ်လျောက်မှာ ဟ နေတဲ့ နေရာတွေကို ဝင်ဖြည့်ပြီး ရောင်းပေးမှာ ။ အဲဒီစနစ်နဲ့ သွားမှာ ။ အဲလို ရောင်းခြင်းအားဖြင့် အရေးကြီးဆုံး အချက်က တတ်နိုင်သလောက် လူတွေက အခုနောက်ပိုင်း ဈေးတွေကို သွားတဲ့အခါကြရင် ဈေးတွေမှာ ကူးတယ်တို့ ဘာတို့ထက်စာရင် ဒီလိုမျိုး မြို့နယ်တွေထဲထိ ဆင်းပြီးတော့ ရောင်းတဲ့အခါကြတော့ ဈေးတွေမှာ လူစုလူဝေးနဲ့ လာတာလျော့သွားရင်လည်း တစ်နည်းအားဖြင့်လည်း ကူးစက်မှုကို လျှော့ချနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါတာပေါ့။”ဟု UMFCCI မှအထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏လမ်းညွှန်မှုအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တို့မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ မြို့နယ်ရပ်ကွက်များအရောက် လှည့်လည်ဈေးရောင်းခြင်း အစီအစဉ်ကို အောက်တိုဘာ ၂၆ ရက်မှ စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

UMFCCI မှအထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက “ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အသင်းချုပ်နဲ့ ပုံမှန်တွေ့ဆုံပွဲမှာ တိုင်းဒေသကြီးထဲမှာ အခုလိုမျိုး Stay at Home ကာလအတွင်းမှာ အထူးသဖြင့်တော့ ဆင်ခြေဖုံးနေရာတွေမှာ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ နေတဲ့လူတွေ ၊ ဝင်ငွေနည်းပါးတဲ့ မိသားစုတွေ အတွက်ကို အခြေခံစားကုန်သောက်ကုန်တွေကို အသားငါးတွေကအစပေါ့ ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရအောင် အတွက်ကို ထုတ်လုပ်တဲ့သူ ဒါမှမဟုတ် ဒိုင်တွေကနေပြီးတော့ တိုက်ရိုက်ပေါ့ ကားနဲ့သွားပြီးတော့ အဲဒီနေရာကို အရောက်သွားပို့ပြီးတော့ ရောင်းမယ်။ ရောင်းတဲ့ဈေးကလည်း လက်ကားဈေးနဲ့ ရောင်းမယ်ပေါ့ ။ အဲလိုမျိုး လုပ်ခြင်းအားဖြင့် ဒီဘက်မှာလည်း Stay at Home ကာလအတွင်းမှာ ထုတ်လုပ်မှု အပိုင်းမှာ ဝယ်လိုအား ကျနေတဲ့အခြေအနေတွေ ရှိတယ် ။ ထိုနည်းတူစွာပဲ စားသုံးမှု အပိုင်းမှာလည်း ဆင်ခြေဖုံးအထိကို ဖြန့်ချိရေး ရောက်ရှိနိုင်မှုအပိုင်းမှာလည်း လိုအပ်ချက်တွေ ရှိနေတဲ့ အခါကြတော့ ဒီနှစ်ခုကို မျှခြေဖြစ်သွားအောင်လို့ အသင်းချုပ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်မှုနဲ့ အတူ စည်ပင်သာယာရေး ကော်မတီနဲ့ ပေါင်းပြီး လုပ်တဲ့အစီအစဉ်ပါ ။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

လက်လီရောင်းချပေးမည့် စားသောက်ကုန်များမှာ ကြက်သား(CP) ၊ ဝက်သား၊ အမဲသား၊ဆိတ်သား၊ အသင့်ထုပ်ပိုး ပြီးရေချို/ ရေငံငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ ၊ ဟင်းသီး ဟင်းရွက် မျိုးစုံများဖြစ်ပြီး သက်သာသောဈေးနှုန်းများဖြင့် နေ့စဉ်ဈေးကားနှင့်လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ပြီး လူတန်းစားမရွေးဝယ်ယူနိုင်မည့် အလေးချိန် အရွယ်အစားများကို သက်သာသောဈေးနှုန်းများဖြင့် လက်လီရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှေ့ပြေးစမ်းသပ်ကာလအဖြစ် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ် ရှိ ရွှေအုန်းပင်အိမ်ရာ၊ ရွှေ အင်ကြင်းအိမ်ရာများ၊ ဒဂုံမြောက် မဟာမြိုင်အိမ်ရာ ၊ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက် အာသောက၊ ကျားကွက်သစ်လမ်း၊ အောင်မဂ်လာလမ်း နှင့် အောင်မဂ်လာအိမ်ရာ၊ ၊ သီတာလမ်း၊ တာမွေ မအူကုန်း နှင့် ညနေပိုင်းတွင် ရန်ကင်း ကံဘဲ့စည်ပင်အိမ်ရာဝင်း၊လယ်ဆည် ဝန်ထမ်းအိမ်ရာ၊ ဟိုတယ်ခရီးဝန်ထမ်းအိမ်ရာ၊တာမွေကြီးတာမွေလေး၊ မြောက်ဒဂုံ ဗိုလ်ဘထူးအိမ်ရာ နှင့် မြို့နယ် အတွင်း လမ်းမကျယ်များပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးနှင့် မြို့နယ်စည်ပင်သာယာရေးတို့ဧ်။ စီမံခန့်ခွဲမှုဖြင့် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာ ၂၇ ရက်တွင်လည်း သာကေတမြို့နယ်၊ ဒေါပုံ၊ရန်အောင်မာန်အောင်၊ တောင်ဒဂုံမြို့နယ် ၊ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ မြို့ နယ်၊ မရမ်ကုန်းမြို့နယ် များတွင်ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ နေ့စဉ်ရောင်းချသွားမည့်အစီအစဉ်များကို ကုန်သည်စက်မှုအသင်းချုပ်၏ Facebook Pageမှ လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး ကော်မတီ ရုံးများမှ လည်းကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှ အများပြည်သူသိရှိစေရန် ကြေညာဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)