Connect with us

MYANMAR

ရွေးကောက်ပွဲအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ရောဂါ ကာကွယ်ရေး ပစ္စည်းများ ဆက်တိုက်ရောက်ရှိနေပြီး သယ်ယူဖြန့်ဝေရေးများလည်း ဆောင်ရွက်လျက်ရှိကြောင်းဆို

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ကာကွယ် ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများရောက်ရှိမှုအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး အတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော အထောက်အကူပစ္စည်းများ ဆက်လက်ရောက်ရှိနေကြောင်း၊ COVID-19 ကာကွယ်ရေးပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူးရေး ဗဟိုကော်မတီ ၏ ဦးဆောင်မှုဖြင့် ၎င်းပစ္စည်းများအား သယ်ယူ၊ဖြန့်ဝေသည့်ကိစ္စများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်ဦးက ဆင်ဟွာသို့ အောက်တိုဘာ ၂၄ ရက်တွင်ပြောသည်။

“COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေက လေယာဉ်တွေတောက်လျှောက်ရောက်နေတယ်။ နိုဝင်ဘာ ပထမပတ်အစောပိုင်း အထိပစ္စည်းတွေရောက်မယ်။ ဦးစားပေးအစီအစဉ်အတိုင်း သယ်လည်းသယ် ဖြန့်လည်းဖြန့်နေပါတယ်’’ ဟု ၎င်း ကဖြည့်စွက်ပြောကြားသည်။

COVID-19ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သည့်အထောက်အကူ ပစ္စည်းများဖြစ်သော KN 95 Mask များ၊ Protective Face Mask များ၊ PPE Medical Protective clothing များ၊ Medical Cap များ၊ Goggles များနှင့် Boot များ အစရှိသည်တို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားကြောင်း၊ အဆိုပါပစ္စည်းများသည် အောက်တိုဘာ ၁၇ ရက်မှ စတင်ကာ နိုဝင်ဘာ ၃ ရက်အထိ လေယာဉ်ခေါက်ရေ (၄၀)ခန့်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၂၃ ရက်အထိ ရောက်ရှိပြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးပစ္စည်းများမှာ KN95 Masks ၅,၇၆၈,၀၀၀ ၊ Protective Face Masks ၂၅၀,၄၀၀ ၊ PPE Medical Protective Clothing ၆၆,၇၀၀ နှင့် Boots ၄၅၀၀ တို့ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ကာကွယ်ရေးပစ္စည်းများအား လက်ခံရယူခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေလွှဲပြောင်းခြင်း စသည့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ကွပ်ကဲကြပ်မတ်ရန် COVID-19 ကာကွယ်ရေး ပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူးရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က အဆိုပါ ဗဟိုကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ လေဆိပ်များသို့ ရောက်ရှိလာသော COVID-19 ကာကွယ်ရေးပစ္စည်းများအား စတင်ရောက်ရှိသည့် ရက်မှစ၍ အမြန်ဆုံးဆက်လက် ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ထားကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည့် ပစ္စည်းများအား ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်၊ ကယား၊ မွန်၊ ရခိုင်ပြည်နယ်တို့သို့လည်းကောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် ပစ္စည်းများအား ပြည်ထောင်စုနယ်မြေ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်၊ ချင်း၊ ရှမ်းပြည်နယ် တို့သို့လည်းကောင်း သတ်မှတ်ကာလအတွင်း အချိန်မီဖြန့်ဖြူး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောသတင်းအရ သိရသည်။ (Xinhua)