Connect with us

MYANMAR

ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း ပြောကြားစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office )

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

အထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အောက်တိုဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် “အခု ကြည့်လိုက်တဲ့အခါကျတော့ ဒုတိယလှိုင်း စတာက စစ်တွေဘက်က စတယ် ဆိုပေမယ့် အများဆုံး မြန်မြန်ပြန့်ပွားသွားတာကတော့ ရန်ကုန်တိုင်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုရက်ပိုင်းအတွင်းပေါ့။ အရင်တစ်ပတ်အတွင်းမှာဆိုရင် ရန်ကုန်တိုင်းဒေသကြီးဟာ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီဆိုတာတွေ့ရပါတယ်။ လုံးဝထိန်းချုပ်နိုင်တယ်လို့ ပြောတာ မဟုတ်ပါဘူး။ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်တာပေါ့။ အဲဒါကတော့ မြန်မြန်ဆန်ဆန် စမ်းသပ်နိုင်တဲ့ Test Kit တွေ များများ သုံးနိုင်လို့ပဲ ဖြစ်တယ်။ နောက်ပြီး ပြည်သူတွေလည်း ပိုပြီးဂရုစိုက်လာလို့လည်းဖြစ်တယ်လို့ ထင်ပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

သို့သော် တစ်ချို့ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ဥပမာ ဆိုပါက မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် နည်းနည်း ပို၍ တက်လာသည် ဆိုသည်ကို သတိပြုမိကြောင်း ၊ ထိုကြောင့် နေရာတိုင်းတွင် သတိထားရန် လိုကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

“အခု နိုင်ငံတော်ဘက်က ကြည့်လိုက်တဲ့အခါကျတော့ ကိုဗစ်ရောဂါဖြစ်တာ နည်းနည်း ကြာလာတာ အထူးသဖြင့် ဒုတိယလှိုင်းပေါ့။ ဖြစ်ပြီးတဲ့နောက်မှာဆိုရင် စီးပွားရေးအရ ကျွန်မတို့ပြည်သူ တော်တော်များများမှာ ရုန်းကန်ရတဲ့ဘဝ ရောက်လာတယ်ဆိုတာ သတိပြုမိ ပါတယ်။ အဲဒါတွေအတွက်လည်း နိုင်ငံတော်ကနေ ဘယ်လောက်အထိ လုပ်နိုင်မယ်၊ ဘယ်လို နည်းတွေနဲ့ ပံ့ပိုးနိုင်မလဲဆိုတာ တစ်ချိန်လုံးပဲ စဉ်းစားပြီးတော့ လိုအပ်ရင် လိုအပ်သလို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါမယ်။ ဖြည့်ဆည်းလည်းပေးနေပါတယ်။ အဲဒီတော့ ပြည်သူတွေကလည်း သာမန်ဘဝလို မဟုတ်ဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာကိုတော့ သည်းညည်းခံ ပေးစေချင်ပါတယ်။ ကျွန်မတို့ ပစ်မထားပါဘူး။ ဒါပေမယ့် ပြည်သူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ဆိုရင် ပြဿနာတွေကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။
“တစ်ကယ်ဆန္ဒရှိရင် ကျွန်မ ခဏခဏပြောတဲ့ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာ အောင်မြင်ခြင်း တရားလေးပါး ဆိုတာ လူတိုင်းလူတိုင်းမှာ စွဲကိုင်ထားလို့ရပါတယ်။ ဒီ အောင်မြင်ခြင်းတရား(၄)ပါးနဲ့ အခု ရင်ဆိုင် နေရတဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကိုလည်း ကျော်လွှားနိုင်မယ်၊ နောက်ပြီးတော့ အထွေထွေရွေးကောက်ပွဲကိုလည်း အောင်အောင်မြင်မြင် ကျင်းပနိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲတွင် ကျန်းကျန်းမာမာ နှင့် မဲပေးနိုင်ရန်အတွက်လည်း နိုင်ငံတော်ကနေပြီး တတ်အားသမျှ စီစဉ်ပေးနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။မြန်မာနိုင်ငံ၌ ယခုအထိ ဓာတ်ခွဲနမူနာပေါင်း ၅၂၉,၂၁၃ ခုအား စစ်ဆေးခဲ့ပြီးနောက် ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၃၇,၂၀၅ ဦး တွေ့ရှိခဲ့ကြောင်းနှင့်
ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၁၇,၅၆၈ ဦး ၊ သေဆုံးသူပေါင်း ၉၁၄ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)