Connect with us

MYANMAR

နိုင်ငံတော် သမ္မတက COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်နေသည့် အခက်အခဲအကျပ်အတည်းများကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် ကျွမ်းကျင်ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများ အားလုံးပါဝင်ပြီး စုပေါင်းအားဖြင့် ပူးပေါင်းရင်ဆိုင် ကျော်လွှားရန် ပြောကြား 

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ မိန့်ခွန်း ပြောကြားမှု တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar President Office)

ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ)

နိုင်ငံတော်အနေဖြင့် နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ပြည်သူတစ်ရပ်လုံးအနေဖြင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အထူးသဖြင့် COVID-19 ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် လတ်တလောဖြစ်ပေါ်နေသည့် အခက်အခဲအကျပ်အတည်းများကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် ကျွမ်းကျင်ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများ အားလုံးပါဝင်ပြီး စုပေါင်းအားဖြင့် သတိ၊ ဝီရိယ၊ ပညာ အားကိုး၍ ပူးပေါင်းရင်ဆိုင် ကျော်လွှားရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ မေ ၁ ရက်တွင် ကျရောက်သည့် အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ပြောကြားခဲ့သည်။ 

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က COVID-19 ကပ်ရောဂါဆိုးကြီးကို ကျော်လွှားနိုင်ရန် ပြည်သူလူထုတစ်ရပ်လုံးက တုံ့ပြန်ဆောင်ရွက်နေသည့်အချိန်တွင် အလုပ်သမားများ၏ တက်ကြွစွာပူးပေါင်းပါဝင် လုပ်ဆောင်မှုများကိုလည်း အသိအမှတ်ပြုကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

အဆိုပါ သဝဏ်လွှာတွင် COVID-19 ကပ်ရောဂါနှင့် အထွေထွေရိုက်ခတ်မှုကြောင့် ပိတ်သိမ်းသွား သည့် အလုပ်ဌာနများမှ လူမှုဖူလုံရေးအာမခံကြေး ထည့်ဝင်ထားသည့် အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဖိုး၊ ခရီးစရိတ်များကို အလုပ်လက်မဲ့ဖြစ်သည့်နေ့မှ တစ်နှစ်အထိ တိုးမြှင့်ခံစားနိုင်ရန် စီမံဆောင်ရွက်ထားကြောင်း ၊ မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းများနှင့် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံကို COVID-19 ရန်ပုံငွေထူထောင်ရာတွင် ထည့်သွင်းမတည်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ 

အလုပ်သမားများအနေဖြင့် ပြင်ဆင်ပြဋ္ဌာန်းထားသည့် အလုပ်သမား အဖွဲ့အစည်းဥပဒေနှင့်အညီ အဖွဲ့အစည်းဝင်အလုပ်သမားများ ကိုယ်တိုင် ဖွဲ့စည်းပုံစည်းမျဉ်းနှင့် လုပ်ငန်းစဉ်များကို ချမှတ်ပြီး လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိသည့် အလုပ်သမားအဖွဲ့အစည်းများလည်း ပေါ်ပေါက်လာပြီဖြစ်ကြောင်း ၊ ထိုအဖွဲ့အစည်းများသည် မိမိအဖွဲ့အစည်း၊ မိမိအသိုက်အဝန်း၊ မိမိအဖွဲ့ဝင်များ၏ အကျိုးစီးပွားများကို ဖော်ဆောင်ပေးရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ၊ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးအမြတ်ထုတ်ရန်အတွက် ဥပဒေနှင့်မညီသည့် ဆူပူမှု၊ ဆန္ဒပြမှုများ ဖြစ်ပွားစေရန် ဘေးကသွေးထိုးလှုံ့ဆော်မှုများ ဝင်ရောက် လာတတ်သည်ကိုလည်း အထူးသတိပြုကြရန် လိုအပ်မည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မေလ ၁ ရက်နေ့ကို ကမ္ဘာ့ အလုပ်သမားနေ့အဖြစ် ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်းရာကျော်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။  (Xinhua)