Connect with us

MYANMAR

မြန်မာနိုင်ငံ တွင် ယခုရက်ပိုင်းအတွင်း COVID-19 ရောဂါထပ်မံတွေ့ရှိ သူအရေအတွက် နည်းသွားသော်လည်း ပြည်သူများမပေါ့ဆသင့်သေးကြောင်းဆို 

ရန်ကုန်မြို့တွင် COVID-19 ရောဂါကာကွယ်ရန် ဘေစင်တွင် လက်ဆေးနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံ တွင် ယခုရက်ပိုင်းအတွင်း COVID-19 ရောဂါထပ်မံတွေ့ရှိ သူအရေအတွက် နည်းသွားသော်လည်း  ပြည်သူများအနေဖြင့် မပေါ့ဆသင့်သေးကြောင်း၊ တစ်ခြားနိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် အတွေ့အကြုံများအရ ဒုတိယလှိုင်း၊ တတိယ လှိုင်း များရှိကောင်းရှိနိုင်သေးသည့် အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များ ကို တိကျစွာလိုက်နာရန်၊ မလိုအပ်ပါက အပြင်မထွက်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် က မေ ၁ ရက်တွင် ဆင်ဟွာကို ပြောသည်။

ဒေါက်တာသာထွန်းကျော်က “အခုကျွန်တော်တို့နိုင်ငံမှာက ဒါက က COVID-19 ရဲ့ ပထမလှိုင်းပဲရှိသေးတယ်။ ပိုးတွေ့လူနာ အရေအတွက် နည်းသွားပေမယ့်  တတ်နိုင်သမျှ အိမ်ထဲမှာနေဖို့၊ နှာခေါင်းစည်းတပ်ဖို့၊ အရေးကြီးမှ အိမ်ပြင် ကိုထွက်ဖို့ ၊ လက်ကိုဆပ်ပြာနဲ့ စင်ကြယ်စွာ စက္ကန့် ၂၀  ဆေးဖို့ တိုက်တွန်းချင်ပါတယ်’’ ဟုပြောသည်။

COVID-19 ရောဂါ ဒီရက်ပိုင်းတွေ့ရှိမှု နည်းရခြင်းသည် သင်္ကြန်ကာလ တွင် Stay Home နေရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး၊ ပြည်သူ များ နေအိမ်တွင် နေခဲ့ကြခြင်းသည် အချက် ၁ ချက်ဖြစ်ကြောင်း၊ ဒုတိယ အချက် က နိုင်ငံတကာလေကြောင်းလိုင်းများ ပိတ်ခြင်း၊ နယ်စပ်ဂိတ်များပိတ်ခြင်း ကလည်း ပိုးတွေ့နှုန်း နည်းသွားရသည့်  ဒုတိယ အချက် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ပမှ ပြန်လာသူများကို အသွားအလာ ကန့်သတ်ခြင်းများ ပြုလုပ်စောင့်ကြည့်ခဲ့ပြီး နေရပ်ပြန်လွှတ်ခဲ့ခြင်း နှင့် ပိုးတွေ့သူ များအား ဆေးရုံတက် ကုသ ရန်ဆောင်ရွက် ခဲ့ခြင်းတို့ကြောင့်  လက်ရှိအနေအထားအရ ရောဂါ ပိုး ပျံ့နှံ့မှု ကို ထိန်းချုပ်လို့ရတယ်လို့ ပြောနိုင်ကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာသာထွန်းကျော်က “ကျွန်တော်တို့ အနေနဲ့ ဒီအတိုင်း သာ ဆက်သွားရင် ပိုးတွေ့တဲ့ နှုန်းလျော့သွားဖို့ ရှိတယ်။ပိုးတွေ့သူနဲ့ ထိတွေ့ခဲ့သူတွေ ကိုစစ်ဆေးမှု တွေဆောင်ရွက်နိုင်ခဲ့တာ လည်း အချက် ၁ ချက် ဖြစ်တယ်။’’ ဟုဖြည့်စွက်ပြောကြားသည်။

ဧပြီ ၃၀ ရက် တွင် ကိုရီးယားနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား  ၉၇ ဦးရှိပြီး၊  မေ ၂ ရက်တွင် ဂျပန် နိုင်ငံ က အယောက် ၁၀၀ ကျော် ပြန်လာရန်ရှိကြောင်း၊ ထို့ပြင် နယ်စပ်ဝင်ပေါက်ဂိတ်များမှ  သောင်းနှင့်ချီသော နိုင်ငံသားများ ပြန်လည် ဝင်ရောက်ရန် ရှိသေးကြောင်း၊ ၎င်းတို့အား သေသေချာချာအသွားအလာ ကန့်သတ်ခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပိုးတွေ့ရှိသူများ ကို ဆေးရုံတင်ကုသပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် စီစဉ်ထားကြောင်း သိရသည်။

ဒေါက်တာသာထွန်းကျော်က “ခန့်မှန်းခြေက လေကြောင်းက ပြန်လာမယ့် အရေအတွက် က သိပ်မများပေမယ့် နယ်စပ်ကနေ သောင်းချီ ပြီး ဝင်လာမယ့် နိုင်ငံ သားတွေအတွက်ပါ သက်ဆိုင်ရာဝန်ကြီးဌာန တွေ စေတနာ့ ဝန်ထမ်းတွေ ပူးပေါင်းဆောင်ရွက် နိုင်ရင် COVID-19ရောဂါ ကို ထိန်းချုပ် နိုင်မှာပါ။’’ ဟုပြောသည်။

မေ ၁ ရက်  နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၁) ဦး တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဒေါက်တာသာထွန်းကျော် က “Negative ၂ ကြိမ် ဆက်တိုက်ရရင် ဆေးရုံဆင်းဖို့ သတ်မှတ်ချက် နဲ့ ကိုက်ညီပါတယ်။ ဆေးရုံက ဆင်းခွင့် ပြုပေမယ့် အသွားအလာကန့် သတ်စောင့်ကြည့်မှု ၂ ပတ် နဲ့ မိမိ တို့နေအိမ်မှာ အသွားအလာ ကန့် သတ်တာ ၁ ပတ် စောင့်ကြည့်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်’’ ဟုပြောသည်။

ဧပြီ ၃၀ ရက်အထိ  ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများ၌ (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁) ဦး (Case -22) ရှိသဖြင့် ယနေ့အထိ ဓာတ်ခွဲနမူနာများ၌ (၂) ကြိမ် ဆက်တိုက် ပိုးကင်းစင်လာသူစုစုပေါင်း (၂၈) ဦးရှိပြီဖြစ်ကြောင်း သိရသည်။ 

ဧပြီ ၃၀ ရက်တွင်  ရောဂါပိုးကင်းစင်လာသူ (၁) ဦး (Case -1) အား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့၍ ဆေးရုံမှဆင်းခွင့်ရရှိသူ စုစုပေါင်း (၁၇) ဦး ရှိပြီဖြစ်ပြီး ၎င်းတို့အား နေအိမ်တွင် အသွားအလာ ဆက်လက်ကန့်သတ် ထားရှိလျက်ရှိကြောင်း သိရသည်။ 

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိကြောင်း နှင့်  အထူးကြပ်မတ်ကုသခန်းတွင် ကုသမှုခံယူနေသူ (၂) ဦးရှိကြောင်း သိရသည်။  (Xinhua)