Connect with us

MYANMAR

COVID – 19 စီးပွားရေး ပြန်လည်နိုးထရေး အစီအစဉ်အရ ကျပ် ၂၀၀ ဘီလီယံ ထပ်မံ ထုတ်ချေးပေးမည်

ရန်ကုန်ဆိပ်ကမ်းရှိ ကွန်တိန်နာ စခန်းတစ်ခုကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါ အလွန်တွင် နိုင်ငံ့ စီးပွားရေး ပြန်လည် နိုးထရေး အစီအစဉ် (COVID-19 Economic Relief Plan) အရ အကူအညီ လိုအပ်နေသည့် လုပ်ငန်းရှင်များအား အတိုးနှုန်း သက်သာစွာဖြင့် ငွေချေးပေးလျက်ရှိရာ ကျပ် ဘီလီယံ ၂၀၀ ကို ဒုတိယ အသုတ်အဖြစ် ထပ်မံ ထုတ်ချေးပေးမည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေပိုင်း ပြောကြားခဲ့သည်။

“COVID-19 Economic Relief Plan ဆိုပြီးတော့ ကျွန်တော်တို့လုပ်ထားပါတယ်၊ အဲဒီထဲမှာ အခြေခံ လူတန်းစားတွေကို ရိက္ခာ ဖြန့်ဝေရေး၊ ကဏ္ဍအလိုက် ဘာတွေ လုပ်မယ်၊ ဘယ်လို သုံးမယ်ဆိုတာ ပါပါတယ်၊ အကူအညီ လိုအပ်နေတဲ့ လုပ်ငန်းရှင်တွေကို ငွေထုတ်ချေးရေး၊ အတော် များများ ပါပါတယ်၊ ကနဦး ကျပ် ဘီလီယံ ၁၀၀ စပြီး ထုတ်ချေးနေပါပြီ၊ နောက်ထပ် ကျပ် ၂၀၀ ဘီလီယံ ထုတ်ချေးဖို့ရှိပါတယ်၊ နောက် ဗဟိုဘဏ်ကနေပြီးတော့ ငွေးကြေးပိုင်းမှာ အတိုးနှုန်းတွေ လျှော့ချရေးက အစ အသေးစိတ် ပါပါတယ်၊ အခြေခံ လူတန်းစားတွေ အတွက် ရိက္ခာ ပံ့ပိုးရေး၊ သက်ကြီးရွယ်အို တွေအတွက် ငွေကြေး ထောက်ပံ့ရေးကအစ ပါပါတယ်၊ COVID-19 Economic Relief Plan မှာ အသေးစိတ် ထည့် ထားပါတယ်” ဟု ၎င်းက ယနေ့ညနေပိုင်း ပြုလုပ်သော အိမ်တော် သတင်းထောက်များနှင့် video conferencing သတင်းစာရှင်းပွဲတွင် ဖြေကြားခဲ့သည်။

ကနဦး ကျပ် ၁၀၀ ဘီလီယံ ထုတ်ချေးလျက်ရှိရာ ချေးငွေ မရသူတို့အကြား ဝေဖန်မှုများ ရှိခဲ့ ကြောင်း၊ COVID-19 ကြောင့် ထိခိုက်မှုရှိသည့် နိုင်ငံသားလုပ်ငန်းရှင်များ ချေးငွေလျှောက်လွှာတွင် ဖြည့် စွက်ရမည့် အချက်များတွင် COVID-19 ကြောင့် အမှန်တကယ် ထိခိုက်မှုရှိသည့် နိုင်ငံသား ပိုင် လုပ်ငန်း ဖြစ်ရမည်၊ လက်ရှိ လည်ပတ်နေရမည်၊ သို့မဟုတ် ပြီးခဲ့သည့် သုံးလအတွင်း ယာယီ ရပ်စဲထားပြီး ချေးငွေရရှိသည်နှင့် ချက်ချင်း လည်ပတ်နိုင်ရမည် ဟူသည့်အချက်များ အပါအဝင်  အချက် ၁၀ ချက်ရှိကြောင်း၊ အဆိုပါ လျှောက်လွှာကို ပဏာမ စစ်ဆေးခြင်း၊ အသေးစိတ် စစ်ဆေး ခြင်း၊ စာရင်းအင်း ပညာရှင်များက စစ်ဆေးခြင်း စသည်ဖြင့် အဆင့်ဆင့် စစ်ဆေးမှုများ၊ ထောက်ခံ ချက်များအရ နိုင်ငံတော် အစိုးရက ခွင့်ပြုလိုက်ခြင်းသာ ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပေးလိုသူအား ထုတ်ပေးနေခြင်း မဟုတ်ကြောင်း၊ ထပ်မံ ထုတ်ချေးမည့် ကျပ် ၂၀၀ ဘီလီယံ ကို လည်း အလားတူ လျှောက်လွှာ ပုံစံများ ဖြည့်စွက်ကာ အဆင့်ဆင့် စိစစ်သွားမည် ဖြစ်ကြောင်း လည်း ဦးဇော်ဌေးက ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါ COVID-19 Economic Relief Plan တွင် အခွန် လျှော့ပေါ့ခြင်းများ၊  ကုန်စည် သယ်ယူရာတွင် ကောက်ခံသော နှုန်ထားလျှော့ချခြင်းများ၊  မီတာခ လျှော့ချများ၊ အခြေခံ လူတန်း စားများကို ထောက်ပံ့ခြင်းများသည် အစိုးရ၏ မူလ ဘတ်ဂျက်၌ မပါသည့် အချက်များ ဖြစ်လာ ကြောင်း၊ အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေဟူ၍ ရှိသော်လည်း ဝန်ကြီးဌာန အလိုက် ပေါ်ပေါက် လာမည့် လိုအပ်ချက်များကို လွှတ်တော်၌ ပြန်ဆွေးနွေးရမှာ ဖြစ်ကြောင်း၊ အဆိုပါ COVID-19 Economic Relief Plan ကို မြန်မာ ဘာသာသို့ပြန်နေပြီဖြစ်ရာ ယခုရက်ပိုင်းအတွင်း ထုတ်ပြန် သွားဖို့ရှိကြောင်းလည်း ၎င်းက ဖြေကြားခဲ့သည်။

ထို့အပြင် COVID-19 ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရပ်နားထားသော စက်ရုံများ ပြန်လည် ဖွင့်လှစ်ရေးနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ် သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း စစ်ဆေးရေး အဖွဲ ့က စစ်ဆေး ပြီးသည့် စက်ရုံပေါင်း ယနေ့အထိ ၃၃၂၆ ရုံ ရှိကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် ၂၆၀၂ ရုံနှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၇၂၄ ရုံတို့ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၌ စစ်ဆေးပြီးသည်နှင့် ပြန်ဖွင့်ခွင့်ရ အေ အဆင့် (A-standard) စက်ရုံ ၅၄၀ ရုံ၊ စစ်ဆေးပြီးသည့်အခါ အနည်းငယ် ပြုပြင်ပြီး ပြန်ဖွင့်ခွင့်ရ ဘီ အဆင့် (B-standard) စက်ရုံ ၁၈၉၄ ရုံ၊ စစ်ဆေးပြီးသော်လည်း စစ်ဆေးရေးအဖွဲ့၏ သတ်မှတ်စံညွှန်းများနှင့် ကိုက်ညီ စေရန် မိမိတို့ဘာသာ ပြန်လည် ပြင်ဆင်ပြီးချိန်တွင် စစ်ဆေးရေးအဖွဲ့အား  အကြောင်းကြား၍ နောက်တစ်ကြိမ် ပြန်စစ်ဆေးပြီးမှ ဖွင့်လှစ်ခွင့် ရမည့် စီ အဆင့် (C-standard) စက်ရုံ ၁၆၈ ရုံ ရှိကြောင်း၊ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ စစ်ဆေးပြီး ၇၂၄ ရုံအနက် အေ အဆင့် (A-standard) စက်ရုံ ၃၀၅ ရုံ၊ ဘီ အဆင့် (B-standard) စက်ရုံ ၃၉၇ ရုံနှင့် စီ အဆင့် (C-standard) စက်ရုံ ၂၂ ရုံတို့ရှိကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117