Connect with us

MYANMAR

COVID-19ရောဂါကြောင့် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်ကို လက်ရှိရွှေ့ဆိုင်းထားရသည့် အတွက် မိဘများမစိုးရိမ်ကြရန်ပြောကြား

ကလေးငယ်တစ်ဦးအား ကာကွယ်ဆေးတိုက်ကျွေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) 

လက်ရှိဖြစ်ပွားလျက်ရှိသည့် COVID-19ရောဂါကြောင့် အသက် ၅ နှစ်အောက်ကလေးများတွင်  ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်ကို လက်ရှိရွှေ့ဆိုင်းထားရသည့် အတွက် မိဘများမစိုးရိမ်ကြရန်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ဆင်ဟွာကို မေ ၂ ရက်တွင်ပြောသည်။

ဒေါက်တာထားထားလင်းက “၁လ- ၂လ ထိုးဖို့ နောက်ကျ ခဲ့တယ်။ ကလေးတွေကို ထိုးပါဆိုတဲ့ အချိန်မှာပဲ အချိန်မီ သွားထိုးပါ။  မစိုးရိမ်ပါနဲ့။ အကောင်းဆုံးနဲ့ အမြန်ဆုံး စတင်နိုင်အောင် ဆောင်ရွက်နေပါတယ်။ COVID-19 ရောဂါရဲ့  အခြေအနေပေါ် မူတည်ပြီး အချိန်နဲ့ တပြေးညီ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ စိုးရိမ်ကြောင့်ကြမှု တွေကို ချိန်ဆ တဲ့ အခါ COVID-19 ကို ပိုကြောက်စေချင်ပါတယ်။ ကာကွယ်ဆေးထိုးဖို့ ဆုတ်တာက အန္တရာယ်ရှိလောက်တဲ့ အထိ ဆုတ်တာ မဟုတ်တဲ့ အတွက် ချိန်ဆ ပြီးဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။’’ ဟုပြောသည်။ 

ကာကွယ်ဆေးထိုးအစီအစဉ်ကို အမြန်ဆုံး ပြန်စတင်နိုင်ရန် မျှော်မှန်းထားကြောင်း၊  မေလ လယ်လောက်တွင် ပြန်စနိုင်မည် ဟုမှန်းကြောင်း၊  ကာကွယ်ဆေးထိုးခြင်းအစီအစဉ် ပြန်လည်စတင်ပါက  ဆေးရုံများတွင် ဖွင့်ထား သည့် ကာကွယ်ဆေးထိုးခန်းများမှ  ပြန်စတင်မည်ဖြစ်ကြောင်း၊ ထို့နောက်  ပုံမှန်ထိုးနေကျရပ်ကွက်၊ ကျေးရွာ များတွင် ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လူစုလူဝေး ကို မလုပ်ရန်၊ အိမ်ထဲတွင်နေရန် ညွှန်ကြားထားကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးဖို့ ထွက်လာခိုင်းရန် အဆင်မပြေလောက်သည့် အတွက် ဧပြီလ တွင်ရပ်ဆိုင်းခဲ့ကြောင်း၊   မေလမှာ ကာကွယ်ဆေးထိုးခြင်းအား ပြန်စတင်ရန်စီစဉ်ထားသော်လည်း  အိမ်များမှ ကာကွယ်ဆေးထိုးရန် ထွက်လာပါက  လူနာတွေ ပြန်တက်သွားမှာ စိတ်ပူရသည့် အတွက် အခြေအနေစောင့်ကြည့်နေရခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

“ကာကွယ်ဆေးထိုးဖို့ဆိုရင်  ကလေးအမေ၊ ကလေး၊ အဖိုးအဖွားတွေ ထွက်လာရမယ်။ ရောဂါပိုးတွေ နဲ့ ထိတွေ့လာနိုင်ပြီး ကာကွယ်ဆေးထိုးတဲ့ နေရာကိုရောက်မယ်။ အဲ့ဒါကြောင့် ရောဂါ မကူးစက်ရေး က အဓိက အချက်ဖြစ်တယ်။ ကာကွယ်ဆေးပြန်ထိုးတဲ့ အခါမှာလည်း  စနစ်တကျ ဖြစ်ဖို့ကြိုးစားသွားမှာပါ။  ကာကွယ်ဆေးထိုးမယ့် လူတွေ ပုံမလာဖို့ စနစ်တကျ ဆောင်ရွက်ရမှာဖြစ်ပါတယ်။’’ ဟု ဒေါက်တာထားထားလင်းကဖြည့်စွက်ပြောကြားသည်။

ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ကို ဧပြီလမှ စ၍ ရွှေ့ဆိုင်းထားရသော်လည်း ဆေးရုံများတွင် ထိုးနှံပေးနေသည့်  အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေး(မွေးကင်းစ)၊ ဘီစီဂျီ (မွေးကင်းစ)နှင့်  ကိုယ်ဝန်ဆောင်များအား ထိုးနှံပေးနေသည့်  မေးခိုင်-ဆုံဆို့ကာကွယ်ဆေးများကို  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ထို့အပြင် ဆေးရုံတက်ကုသမှုခံယူပြီး ဆေးရုံဆင်းမည့်  ကလေး များကိုလည်း  လိုအပ်သည့် ကာကွယ်ဆေးများကိုထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.