Connect with us

MYANMAR

COVID-19 ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်မလိုက်နာမှုဖြင့် တစ်ပတ်အတွင်း လူပေါင်း ၅၂၅ ဦး အရေးယူ ခံရ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်နေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - Yangon Police)

ရန်ကုန် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

COVID-19 ရောဂါထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များအား လိုက်နာခြင်း မရှိသည့် ကေတီဗွီ/ဘား/တရားမဝင်အနှိပ်ခန်းဖွင့်လှစ်နေမှုများ၊ ညမထွက်ရအချိန် ကျော်လွန်၍ အကြောင်းမဲ့ သွားလာနေမှုများ၊ နှာခေါင်းစည်းမတပ်ဆင်ဘဲ စည်းကမ်းမဲ့သွားလာနေမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် အလေးထားစိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ တစ်ပတ်တာကာလအတွင်း လူပေါင်း ၅၂၅ ဦးအား အရေးယူဆောင်ရွက်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပြည့်တန်ဆာအိမ် ၂ အိမ်၊ တရားမဝင် ကေတီဗွီဆိုင် ၁ ဆိုင် တို့မှ ပိုင်ရှင်၊မန်နေဂျာ၊ လုပ်ကိုင်သူ တရားခံ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၂၆ ဦးအား လည်းကောင်း၊ ညမထွက်ရ အချိန်ကျော်လွန်အကြောင်းမဲ့သွားလာသူများကို စိစစ်အရေးယူ ဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့ရသည့် အမှုပေါင်း ၇၃ မှုနှင့် ကျူးလွန်သူ အမျိုးသား ၁၄၁ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၄၉ ဦးကို လည်းကောင်း၊ နှာခေါင်းစည်းမတပ်ဆင်ဘဲသွားလာသူများကို ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ-၁၅ ဖြင့် အရေးယူခဲ့သည့် အမှုပေါင်း ၃၀၄ မှုနှင့် ကျူးလွန်သူ အမျိုးသား ၂၇၂ ဦး၊ အမျိုးသမီး ၇၈ ဦး၊ စုစုပေါင်း ၃၅၀ ဦးကိုလည်းကောင်း စက်တင်ဘာလ ၁၉ ရက်မှ ၂၅ ရက်အတွင်း အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထို့အတူ နှာခေါင်းစည်းမတပ်ဆင်ဘဲသွားလာမှုကြောင့် အရေးယူရသည့်အမှုများ လျော့ကျသွားခြင်း မရှိဘဲ ယခင်အပတ်ကထက် တိုးလာသဖြင့် ပြည်သူလူထုအနေဖြင့် အသိ/သတိရှိရှိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် နှင့် COVID-19 ရောဂါကာကွယ်ရေးသတ်မှတ်စည်းကမ်းချက်များကို အလေးထား လိုက်နာဆောင်ရွက်ကြရန်လည်း အသိပေးနှိုးဆော်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ၌ စက်တင်ဘာ ၂၆ ရက်အထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၉,၉၉၁ ဦးထိ ရှိလာပြီး သေဆုံးသူပေါင်း ၁၉၈ ဦး ထိ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)