Connect with us

MYANMAR

ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက Onlineမှတစ်ဆင့် မှတ်ပုံတင်ရန် ထပ်မံအသိပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း နှာခေါင်းစည်း တပ်ဆင်၍ အစားအသောက် လိုက်လံ ပို့ဆောင်နေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလ ရက်သတ္တပတ်နှစ်ပတ်အတွင်း ခွင့်ပြုလုပ်ငန်းများလည်ပတ်မည်ဆိုပါက Onlineမှတစ်ဆင့် မှတ်ပုံတင်ရန် မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများ အသင်းချုပ်  (UMFCCI)မှ ထပ်မံအသိပေးအကြောင်းကြားခဲ့ပြီး လည်ပတ်ရန် ခွင့်ပြုထားသောလုပ်ငန်းများမှာ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများသည် သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ သွားရောက်ရာ တွင်လည်းကောင်း၊ လိုအပ်ချက်အရ အခြားမြို့နယ်များသို့ ဖြတ်ကျော်ရာတွင်လည်းကောင်း QR Pass ရရှိကိုင်ဆောင်ထားရန် လိုအပ်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။ 

QR Pass ရရှိထားခြင်းမရှိဘဲ မြို့နယ်တစ်ခုမှတစ်ခုသို့ ဖြတ်ကျော်ခြင်း၊ ခွင့်ပြုထားခြင်းမရှိသော လုပ်ငန်းများ ဖွင့်လှစ်လည်ပတ်ခြင်းများ မပြုလုပ်ရကြောင်း ၊ ခွင့်ပြုထားသောလုပ်ငန်းများ QR Pass ရယူနိုင်ရန် https://QRpass.SawSawShar.gov.mm သို့ ဝင်ရောက်၍ မှတ်ပုံတင်ရမည် ဖြစ်ကြောင်း သိရသည်။ 

ပြည်သူများအနေဖြင့် မဖြစ်မနေဈေးဝယ်ယူခြင်း၊ ဆေးရုံဆေးခန်းများသို့ သွားရောက်ခြင်းတို့ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာရမည်ဖြစ်ပြီး ယခု QR Pass အစီအစဉ်တွင် အကျုံးမဝင်ကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလ ရက်သတ္တပတ်နှစ်ပတ်အတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားသည့် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းများသည် လုပ်ငန်းလည်ပတ်ရန် အတွက် Online မှတဆင့် မှတ်ပုံတင်၍ QR Pass ထုတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်းကို စက်တင်ဘာ ၂၄ ရက်တွင် အသိပေးကြေညာခဲ့ကြောင်း သိရသည်။ 

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့်ပတ်သက်၍ အဆင်မပြေမှုတစ်စုံတစ်ရာရှိပါက ဖုန်းနပါတ် ၀၉-၆၉၄၈၂၀၂၄၄, ၀၉-၄၀၂၇၉၀၇၄၄၊ ၀၉-၆၇၇၇၂၇၄၀၅ သို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။ 

လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊ အလုပ်သမားများအနေဖြင့် Stay at Home ကာလ ရက်သတ္တပတ် နှစ်ပတ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့် ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာရန် လိုအပ်ပြီး လိုက်နာမှုမရှိပါက ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ ထပ်ဆင့် အသိပေးအကြောင်းကြားခဲ့သည်။ (Xinhua)