Connect with us

MYANMAR

လာမည့် အပတ်တွင် COVID-19 ရောဂါကျော်လွှာရေး၊အောင်နိုင်ရေးကို အထူးအလေးထား လုပ်ဆောင်မည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းပြောကြားစဉ်( ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

လာမည့်အပတ်တွင် COVID-19 ရောဂါကျော်လွှာရေး၊အောင်နိုင်ရေးကို အထူးအလေးထားပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

” ခဏခဏ ကျွန်မပြောတဲ့အတိုင်းပဲ ကာကွယ်ဆေးတစ်ခုကတော့ ပေါ်ဖို့ဆိုတာလည်း သိပ်မကြာတော့ဘူးလို့ မှန်းဆပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ သတိထားဖို့ လိုပါတယ်။ သတိထားမှပဲ ကျော်လွှားနိုင်မှာပါ။ အခုကနေစပြီးတော့ ပြည်သူတွေအနေနဲ့လည်း ကိုဗစ် နောက်ပိုင်းကာလမှာ ဘယ်လို စီးပွားရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ်ဆိုတာကို ပိုပြီးတော့ စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီရက်သတ္တပတ်ကနေစပြီးတော့ ကျွန်မတို့ အခြေခံ ပြည်သူများအတွက် ပံ့ပိုးမှု အစီအစဉ်တွေကို စပြီးလုပ်ပါမယ်။ အရင်ရက်သတ္တပတ်တုန်းက လုပ်ဖို့ အဆင်သင့်ရှိပေမယ့်လည်း ရွေးကောက်ပွဲကိစ္စတွေရှိနေလို့ ကျွန်မတို့ မလုပ်ဖြစ်တာ ဖြစ်ပါတယ်။ အဲဒီတော့ စတုတ္ထမြောက် ပံ့ပိုးခြင်းအစီအစဉ်ကို ဒီရက်သတ္တပတ်မှာ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုဝင်ဘာာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူများ လုံလုံခြုံခြုံနှင့် ကျန်းမာရေးဘက်က လုံလုံခြုံခြုံနှင့် မဲပေးနိုင်ရန်အတွက် ကြိုးစားခဲ့ကြောင်း ၎င်းကပြောသည်။

“အားလုံးအထက်ကတော့ ပြည်သူပဲ။ ပြည်သူသာလျှင် အဓိက၊ ပြည်သူမပါဘဲနဲ့ ဘာမှအောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုရွေးကောက်ပွဲမှာ အောင်အောင်မြင်မြင် ဖြစ်တာလည်း ပြည်သူကြောင့်ပါပဲ”ဟု ၄င်းက ဆိုသည်။

လက်ရှိ ရွေးကောက်ပွဲကာလဖြစ်၍ ရွေးကောက်ပွဲအကြောင်းကိုသာ ပြောချင်ကြသော်လည်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌအနေဖြင့် COVID-19 ရောဂါအကြောင်းသာ ပြောမည်ဖြစ်ပြီး ရွေးကောက်ပွဲ အကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သင့်တော်သည့်အချိန်၌ ပြောမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

” COVID-19ကြောင့် ရွေးကောက်ပွဲကာလမှာ ကန့်သတ်ချက်တွေ ထားရပါတယ်။ အဲ့ဒါကိုလည်း တချို့ ပြည်သူတွေက မဝံ့မရဲ ဖြစ်ခဲ့တယ်ဆိုရင် ကျွန်မအနေနဲ့ တောင်းပန်ပါတယ်။ ရွေးကောက်ပွဲမှာ ဆိုတော့ အားလုံးကတက်တက်ကြွကြွနဲ့ ကိုယ်ရဲ့ဆန္ဒကို ထုတ်ဖော်ပြောချင်တယ်။ ရွေးကောက်ပွဲ မတိုင်မီ ကာလမှာလည်း ဒီလိုပဲ ထုတ်ဖော်ပြောချင်ကြတယ်။ ရွေးကောက်ပွဲ ပြီးတဲ့အခါ ကျတော့လည်း လူစုလူဝေးနဲ့ ရလဒ်တွေကို နားထောင်ချင်ကြတယ်။ နောက်ပြီးတော့ ဆွေးနွေးချင်ကြတယ်။ ဒါတွေကတော့ အင်မတန်မှ သဘာဝကျပါတယ်။ သို့သော်ငြားလည်း ကျန်းမာရေးလိုအပ်ချက်အရ ကျွန်မတို့အနေနဲ့ ဒီလို လူစုလူဝေး လုပ်ခြင်းကို ရှောင်ကြဉ်ပါ ဆိုပြီးတော့ မေတ္တာရပ်ခံခဲ့ရပါတယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုသည်။

စိန်ခေါ်မှုကြီးနှစ်ခု ဖြစ်သည့် အထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပရေးနှင့် COVID-19 ရောဂါ ကို အောင်မြင်စွာကျော်လွှားရေး၌ ရွေးကောက်ပွဲကြီးအား ကျော်လွှားခဲ့ပြီဖြစ်ကြောင်း၊ နောက်တစ်ခု အောင်မြင်စွာ ကျော်လွှားအောင်ရန် ဝိုင်းဝန်းပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)