Connect with us

MYANMAR

မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် နှစ်ပတ်ကြာ ကူညီဆောင်ရွက်မှုများပြုလုပ်ပြီးနောက် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ ပြန်လည်ထွက်ခွာ

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ အား တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ သည် COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီမှုများ ရက်သတ္တပတ် နှစ်ပတ်ကြာ ဆောင်ရွက်ခဲ့ပြီးနောက် ယနေ့ ဧပြီ ၂၂ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့၏ အကြံပေးမှု နှင့် လမ်းညွှန်မှုများသည် လက်တွေ့ကျပြီး အလွန်အထောက်အကူ ပြုကြောင်း ၊ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် အတွင်း စိန်ခေါ်မှုများကြားထဲမှ ပံ့ပိုးမှု နှင့် ကူညီမှုများ အတွက် မိမိတို့ အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ယင်းအဖွဲ့အား မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီ Video Call မှတစ်ဆင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ နှင့် တာဝန်ရှိသူများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က “အခု မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားပြီး အတည်ပြု လူနာ ဦးရေ တိုးလာပါတယ်။ အဲဒီ အခြေအနေအရ တရုတ် နိုင်ငံ အစိုးရ ၊ ဆေးပညာရှင် အဖွဲ့က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကို လာပြီးတော့ ကူညီပေးနေပါတယ်။ ဒါကလည်း တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နဲ့ အေးအတူ ပူအမျှ တရုတ်-မြန်မာ အသိုက်အဝိုင်းရဲ့ အဓိပ္ပာယ်ကို ပေါ်လွင်စေပါတယ်။”ဟု ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် မြန်မာနိုင်ငံ၌ ၁၄ ရက်ကြာခန့် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန မှ ဆေးပညာရှင်တို့ နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၊ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းအပေါ် အမြင်ချင်း ဖလှယ်မှုများ ဆောင်ရွက်ခဲ့ကြောင်း ၊ နိုင်ငံအနှံ့ရှိ ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူများနှင့် video conferencing စနစ်ဖြင့် အတွေ့အကြုံများကို မျှဝေခဲ့ပြီး ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အတွက် လိုအပ်သည့် ဆရာဝန်များအား သင်တန်းများလည်း ပေးခဲ့ကြောင်း ၊ မြန်မာနိုင်ငံရှိ ဆရာဝန်များ နှင့်အတူ ဓာတ်ခွဲအတည်ပြု လူနာများကို ဆေးကုသပေးရန် ကူညီမှုများ ပေးခဲ့ကြောင်း ၊ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့နှင့်အတူ ပါလာသည့် ကုသရေး ပစ္စည်းများသည်လည်း မြန်မာနိုင်ငံ အတွက် များစွာ အထောက်အကူပြုခဲ့ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် တရုတ်ပညာရှင် အဖွဲ့တို့ Video Call မှတစ်ဆင့် တွေ့ဆုံစဉ်(ဆင်ဟွာ)

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် မြန်မာနိုင်ငံ၌ ရှိနေစဉ် ကာလအတွင်း တရုတ်နိုင်ငံ၌ ရှေ့တန်းမှ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအား အခြေခံ၍ မြန်မာနိုင်ငံ ကျန်းမာရေး တာဝန်ရှိသူများ နှင့် တရုတ်ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့တို့သည် COVID-19 ရောဂါ တိုက်ဖျက်ရေး အတွက် ပြည်သူ့ကျန်းမာရေး ကာကွယ်ထိန်းချုပ်ရေး ၊ တိုင်းရင်းဆေးဝါး ၊ ဓာတ်ခွဲမှု နှင့် ကုသမှု နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများစွာ လုပ်ဆောင်ခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ) 

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ) 

“ဆေးသုတေသနဦးစီးဌာနမှာလည်း COVID-19 ရောဂါကို စစ်နိုင်တဲ့စက်တွေအဆင်သင့်ရှိပေမဲ့ reagents တွေကမရှိဘူးဖြစ်နေတယ်။ သူတို့အဖွဲ့မှာပါလာတဲ့ reagents နဲ့ test run လုပ်ခဲ့တယ်။အားလုံးအဆင်ပြေ အောင်မြင်တာကြောင့် ဒီနေ့ကစပြီး quarantine site က samples တွေကို စစ်ဆေးတော့မယ်။ ရန်ကုန်အခြေစိုက်ပဲ။ testing capacity က မြင့်လာမယ်လို့ ထင်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၈ ရက်တွင် ရောက်ရှိလာခဲ့ပြီး ယင်းအဖွဲ့တွင် ယူနန်ပြည်နယ် ရောဂါထိန်းချုပ်ရေးစင်တာ၊ ကူမင်းဆေးတက္ကသိုလ် အမှတ် (၁) ဆေးရုံ၊ ယူနန်ပြည်နယ် တရုတ်တိုင်းရင်းဆေး ဆေးရုံများမှ အသက်ရှူလမ်းကြောင်း ရောဂါ ကူးစက်ရောဂါ ၊ ပြင်းထန်ရောဂါ၊ ရောဂါစစ်ဆေးရေး၊ တရုတ်တိုင်းရင်းဆေး စသည့် နယ်ပယ်များမှ ကျွမ်းကျင် ပညာရှင် ၁၂ ဦး ပါဝင်လာခဲ့ပြီး ၎င်းတို့နှင့်အတူ nucleic acid testing ဓါတ်ခွဲခန်းစက်ပစ္စည်းများ ၊ ဓါတ်ခွဲခန်းတွင်အသုံးပြုမည့်ပစ္စည်းများ ၊ N95 နှာခေါင်းစည်း ၈,၅၀၀ ခု ၊ Medical Mask ၆၀,၀၀၀ ခု ၊ ရောဂါကာကွယ်ရေးဝတ်စုံ ၅,၅၀၀ စသဖြင့် ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ ၊ တရုတ်တိုင်းရင်းဆေး ၊ အနောက်တိုင်းဆေးဝါးများ အပါအဝင် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၅ ဒသမ ၃ တန် သယ်ဆောင်လာခဲ့ကြောင်း သိရသည်။(Xinhua)