Connect with us

MYANMAR

နိုင်ငံပိုင်ဟိုတယ် ငှားရမ်း လုပ်ကိုင်သူများမှ ဌာနသို့ ပေးသွင်းရမည့် ဟိုတယ်၊ မြေ ငှားရမ်းခများ(၆)လ ရွှေ့ဆိုင်း ပေးသွင်းခွင့်ပြု

နိုင်ငံပိုင်ဟိုတယ်တစ်ခုဖြစ်သည့် နန်းမြိုင်ဟိုတယ်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက နိုင်ငံပိုင်ဟိုတယ် ငှားရမ်း လုပ်ကိုင်သူများအနေဖြင့် ဌာနသို့ ပေးသွင်းရမည့် ဟိုတယ်၊ မြေ ငှားရမ်းခများကို ၂၀၂၀ ပြည့်နှစ် ၊ ဧပြီ(၁) ရက်မှ စက်တင်ဘာ (၃၀) ရက်အထိ (၆)လ ရွှေ့ဆိုင်း ပေးသွင်းခွင့်ပြုကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းထွဋ် ကဆင်ဟွာသို့ ဧပြီ ၂၂ ရက် တွင်ပြောကြားခဲ့သည်။ 

ဦးကောင်းထွဋ် က “နိုင်ငံပိုင်ဟိုတယ်ဆိုတာ အရင်က ကျွန်တော်တို့ ဟိုတယ်ခရီးဝန်ကြီးဌာန က တိုက်ရိုက်လုပ်ခဲ့တဲ့ဟိုတယ်တွေပါ။ နောက်ပိုင်းမှာ ပုဂ္ဂလိက ဟိုတယ်တွေကို ငှားရမ်းထားခြင်းဖြစ်ပါတယ်။ ဟိုတယ်၊မြေငှားရမ်းခတွေနဲ့ ပတ်သက်ပြီးတော့ ၆လ ရွှေ့ဆိုင်းခွင့်ပေးကြောင်း ဧပြီ ၂၁ ရက် က ကျွန်တော်တို့ စာထုတ်ထားပါတယ်’’ ဟုပြောသည်။ 

လတ်တလောတွင်  လာရောက်တည်းခိုသည့် ဧည့်သည်များမရှိသောကြောင့် ဟိုတယ်များလည်း ပိတ်ထားရကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ သက်သာစေရန်   ၆ လ တာ ကာလ ယာယီရွှေ့ဆိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၆ လနောက်ပိုင်းတွင် လည်း အခြေအနေအရ ပြန်စဉ်းစား၍  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကောင်းထွဋ် ကဆိုသည်။ ဟိုတယ်လုပ်ငန်းများသည် ဧပြီလဆန်း မှ စတင်၍ တည်းခိုသူမရှိဘဲ လုပ်ငန်း လုံးဝရပ်နားထားခဲ့ရကြောင်း သိရသည်။  (Xinhua)