Connect with us

MYANMAR

တရုတ်နိုင်ငံ အစိုးရမှ COVID-19 ရောဂါ ကုသရေး အတွက် ကူညီလှူဒါန်းသော အသက်ရှူစက်(ventilators)များ မြန်မာနိုင်ငံသို့ ရောက်ရှိ

တရုတ်-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူများကို အသက်ရှူစက်များ သယ်ဆောင်လာသော လေယာဉ်နှင့်အတူ တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကုသရေး အတွက် လှူဒါန်းသော အသက်ရှူစက်(ventilators) အစုံ ၂၀ သယ်ဆောင်လာသော လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ ဧပြီ ၂၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံသို့ အသက်ရှူစက်များ (entilators)အမြန်ဆုံး လှူဒါန်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ၊ အေးအတူပူအမျှ တရုတ်-မြန်မာ အသိုက်အဝိုင်း၏ စိတ်ဓာတ်ကို ပို၍ ပေါ်လွင်စေကြောင်း ၊ COVID-19 ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းအား တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်က ဆက်လက်ပြီး နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ပြောကြားခဲ့သည်။ 

တရုတ်-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများကို အသက်ရှူစက်များ သယ်ဆောင်လာသော လေယာဉ်နှင့်အတူ တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ အနေဖြင့် မြန်မာနိုင်ငံ အစိုးရကို အရေးတကြီး ကူညီလှူဒါန်းပေးသည့် အသက်ရှူစက်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း ၊ ယင်းအသက်ရှူစက်များကို မြန်မာနိုင်ငံ အစိုးရ နှင့် မြန်မာ့ တပ်မတော်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ပြောကြားခဲ့သည်။ 

“အသက်ရှူစက် (ventilator) က ရောဂါ ကုသရေးမှာ အရေးကြီးတဲ့ ကုသရေး ပစ္စည်း တစ်ခု အဖြစ် ပါဝင်ပါတယ်။ အခု တစ်ကမ္ဘာလုံးမှာလည်း အသက်ရှူစက်ကို အရမ်း လိုအပ်နေပါတယ်။ မြန်မာနိုင်ငံ အစိုးရက တရုတ်အစိုးရဘက်ကို လိုအပ်တဲ့ ပစ္စည်းတွေ အသိပေးလာတဲ့ အခါမှာလည်း အသက်ရှူစက်တွေ ပါဝင်ပါတယ်။ဒီတစ်ခေါက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာမိတ်ဆွေတွေကို အမြန်ဆုံး အသက်ရှူစက် တွေပေးနိုင်ရေး အတွက် အများကြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက သက်ဆိုင်ရာ ဝန်ကြီးဌာနကို ညှိနှိုင်း ဆွေးနွေးပြီးတော့ အခုလို ပထမဆုံး အသက်ရှူစက် (ventilator )တွေ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်းသော အသက်ရှူစက်များအား တွေ့ရစဉ်(ဆင်ဟွာ) 

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၏ စီစဉ်မှုဖြင့် တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံ အစိုးရသို့ ထပ်မံ လှူဒါန်းပေးမည့် အသက်ရှူစက် ၁၅ စုံသည် မြန်မာနိုင်ငံသို့ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း ၊ ယင်းအသက်ရှူစက်များအား အမြန်ဆုံး ရောဂါ ကုသရေး လုပ်ငန်းတွင် အသုံးပြုနိုင်ရန် မျှော်လင့်ကြောင်း သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေး အတွက် တရုတ်နိုင်ငံ အစိုးရ ၊ ကုမ္ပဏီများ နှင့် အဖွဲ့အစည်းများက ဧပြီ ၂၂ ရက် အထိ နှာခေါင်းစည်း အခုရေ ၁,၁၀၀,၀၀၀ ကျော် ၊ N95 & KN95 နှာခေါင်းစည်း အခုရေ ၁၅၀,၀၀၀ ခန့် ၊ အကာအကွယ်ဝတ်စုံ (PPE) အစုံ ၁၄,၀၀၀ ကျော် ၊ nucleic acid စမ်းသပ်ကိရိယာ ၄၀,၀၀၀ ကျော် ၊ အသက်ရှူစက်(ventilator) အစုံ ၂၀ နှင့် အခြားဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများအား လှူဒါန်းပေးအပ်ခဲ့ပြီးဖြစ်သည့်အပြင် တရုတ်နိုင်ငံဘက်မှ ငွေကြေး လှူဒါန်းမှု အဖြစ် ကျပ်ငွေ ၂၉၁ သန်းကိုလည်း လှူဒါန်းထားကြောင်း သိရသည်။ 

တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်းသော အသက်ရှူစက်များအား တွေ့ရစဉ်(ဆင်ဟွာ) 

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံအနေဖြင့် ခန္ဓာကိုယ် အပူချိန်တိုင်း Termographic ကိရိယာ ကင်မရာများ ၊ Nucleic Acid အလိုအလျောက်စစ်ဆေးပေးသည့် ကိရိယာများ ၊ ဇီဝစမ်းသပ်မှုဆိုင်ရာ Bio-Rad Real-Time PCRs ကိရိယာများ ၊ လူနာတင်ယာဉ်များ နှင့် အခြားသော ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများကို မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း နှင့် COVID-19 ကပ်ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးတွင် အတွေ့အကြုံများ နှင့် ကျွမ်းကျင်မှုများ မျှဝေပေးရန် မြန်မာနိုင်ငံသို့ ဆေးဆက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ခုကို စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

 

ထို့အတူ တရုတ်နိုင်ငံ အစိုးရမှ အသက်ရှူစက် အစုံ ၁၅ စုံ ၊ နှာခေါင်းစည်း အခုရေ ၁,၇၀၀,၀၀၀ ၊ N95 & KN95 နှာခေါင်းစည်း အခုရေ ၆၀,၀၀၀ ၊ အကာအကွယ်ဝတ်စုံ (PPE) အစုံ ၃၀,၀၀၀ ၊ goggles အခုရေ ၃၀,၀၀၀ နှင့် nucleic acid စမ်းသပ်ကိရိယာ ၁၅၀,၀၀၀ တို့ကို မကြာမီကာလအတွင်း ထပ်မံပေးအပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.