Connect with us

Politics, Law & Military

တာချီလိတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၇၈,၂၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ် မိုင်းဟဲ ကျေးရွာအုပ်စု၊ ယမ်းခေါင်ကျေးရွာအနီး၌ ကျပ်သိန်းပေါင်း ၇၈,၂၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သြဂုတ် ၁၀ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လွယ်စီတုံ-မိုင်းဟဲသွားလမ်းမပေါ်၌ တာချီလိတ်မြို့ဘက်သို့ မောင်းနှင် လာသော မော်တော်ယာဉ်နှစ်စီး ကိုစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် နောက်ဘက်သို့ပြန်လည်မောင်းနှင် ထွက်ပြေးသဖြင့် တပ်မတော်နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သတိပေးပစ်ခတ်ရာ မော်တော်ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ကျည်ထိမှန်ကျန်ရစ်ခဲ့ပြီး ၎င်း၏ဘေးတွင် စိတ်ကြွရူးသွပ် ဆေးပြားတစ်ထုပ်လျှင် ၁၀,၀၀၀ ပြားစီပါ နှစ်ထုပ်(စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား)သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ထွက်ပြေးလွတ်မြောက်သွားသော မော်တော်ယာဉ်နှစ်စီးကိုလိုက်လံဖမ်းဆီးရာ စန်းလု (အောက်)ကျေးရွာအနီး ဂျောပကျေးရွာသွားလမ်း ယာဘက်လျှိုအတွင်းတွင် Foturner အမျိုးအစား အနက်ရောင်ယာဉ် တိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်အတွင်းမှ ဆာလာအိတ်များဖြင့်ထည့်လျက် တစ်အိတ်လျှင် စိတ်ကြွရူးသွပ်ဆေးပြား(၁)သိန်းပြားစီပါ ၂၂ အိတ်၊ စုစုပေါင်းစိတ်ကြွရူးသွပ် ဆေးပြား ၂,၂၀၀,၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး သြဂုတ် ၁၁ ရက် ၀၁း၂၃ နာရီအချိန်တွင် ထွက်ပြေးလွတ်မြောက်သွားသည့် Revo အဖြူရောင်ယာဉ်ကို စန်းလု(အောက်)ကျေးရွာနှင့် ရင်ခွဲတောင်ကြား လျှိုအတွင်း၌တွေ့ရှိ၍ရှာဖွေရာ ၎င်းမော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်တစ်အိတ်လျှင် စိတ်ကြွရူးသွပ် ဆေးပြား ၁ သိန်း ပြားစီပါ ၅၆ အိတ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၅,၆၀၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့၍ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၇၈,၂၀၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua)