Connect with us

Politics, Law & Military

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ လေ့လာ

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေး ဆောင်ရွက်နေမှုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် သြဂုတ် ၁၁ ရက်နေ့တွင် လာရောက် လေ့လာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စစ်တွေလေဆိပ် ဧည့်ခန်းမဆောင်၌ နေရပ်စွန့်ခွာ သူများအား နှစ်နိုင်ငံ သဘောတူစာချုပ်အတိုင်း ပြန်လည်လက်ခံရေးနှင့်ပြန်လည် နေရာ ချထားရေး ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံရေရှည် ရင်းနှီးချစ်ကြည်စွာ ဆက်ဆံရေးတို့နှင့် ပတ်သက် ၍ ဆောင်ရွက်နေမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရှင်းလင်းပြောကြားသည်။

အဆိုပါ အဖွဲ့သည် မောင်တောမြို့သို့ သွားရောက်ပြီး ယင်းခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အဖွဲ့ဝင် ခုနစ်ဦး၊ မြန်မာနိုင်ငံမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီးဖုန်းတင့်၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝင် ဦးမြင့်သူနှင့် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင် းသိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် မောင်တောနယ်စပ် တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းသို့ရောက်ရှိပြီး ပြန်လည် လက်ခံရေး အစီအစဉ်တွင် နှစ်နိုင်ငံသဘော တူထားသည့်အတိုင်း မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရေး စခန်းဖွင့်လှစ်ထားရှိမှု အခြေအနေများကို ကြည့်ရှုခြင်း၊ ယင်းနောက် နယ်စပ်ခြံစည်းရိုးသို့သွားရောက်ပြီး နိုင်ငံတကာနယ်နိမိတ်နှင့် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေပေါ်၌ နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုး နှစ်ခုအကြား အဆောက်အအုံများ ဆောက်လုပ်နေထိုင်နေမှုများအား သွားရောက် ကြည့်ရှုခြင်း၊ငါးခူရလက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြား စခန်းတို့ကို သွားရောက်ကြည့်ရှုခြင်း၊ ဆက်လက်၍ ရွှေဇားကျေးရွာ အုပ်စုအောင် ဗလ ကျေးရွာတွင် အိန္ဒိယနိုင်ငံက ဆောက်လုပ်လှူဒါန်းသော လူနေအိမ် ၁၄၈ လုံး တည်ဆောက် နေမှုအခြေအနေကို ကြည့်ရှုခြင်းနှင့် မောင်တောဒေသတောင်ပိုင်းရှိ ပန်းတောပြင်၊ ကိုင်းကြီး(မြို)ကျေးရွာများ၌ ဒေသခံပြည်သူများအတွက် နေအိမ်သစ်များ ဆောက်လုပ်ထားရှိမှုကို သွားရောက်ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)