Connect with us

Politics, Law & Military

သစ်တောပမာဏနှင့် ဝန်ထမ်း အချိုးမျှတရန် လိုအပ်ချက် ရှိနေဟု ဆို

နေပြည်တော်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရားမဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများကို ကာကွယ်တားဆီးနိုင်ရေးအတွက် သစ်တော ပမာဏနှင့် ထိန်းသိမ်းရသည့် ဝန်ထမ်းအချိုး မျှတရန် လိုအပ်ချက်များ ရှိနေကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ပြောကြားခဲ့သည်။

“သစ်တောဦးစီးဌာနက စီမံအုပ်ချုပ်ရတဲ့ ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တောနဲ့သဘာ၀ ထိန်းသိမ်းရေး နယ်မြေက ဧက လေးဆယ့် ခုနစ်သန်းကျော် (၄၇၁၂၈၇၈၄ ဧက) ရှိပြီး သစ်တောဦးစီးဌာနမှာ သစ်တော လုပ်ငန်း ဆောင်ရွက်တဲ့ ဝန်ထမ်းက ၅၃၃၆ ဦး ရှိတဲ့အတွက် ဝန်ထမ်းတစ်ဦးအနေနဲ့ ပျမ်းမျှ သစ်တော နယ်မြေဓက ၈၈၀၀ကျော်ကို တာဝန်ယူ ထိန်းသိမ်းရပါတယ်၊ လက်ရှိအခြေအနေအရ သစ်တောပမာဏနဲ့ထိန်းသိမ်းရတဲ့ ဝန်ထမ်းအချိုး၊တစ်နည်းအားဖြင့် ဝန်နဲ့ အားမျှတရန် လိုအပ်ချက် ရှိနေပါတယ်” ဟု ယနေ့ နံနက် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တွင် ပြုလုပ်ခဲ့သော သစ်တောကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်း တွင် ၎င်းက ပြောကြားခဲ့သည်။

“မျက်မှောက်ကာလမှာ ဆက်သွယ်ရေး စနစ်များ ကောင်းမွန်ခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများ ပိုမို ပွင့်လန်းလာခြင်း အပါအဝင် ပြောင်းလဲလာသည့် အခြေအနေများနဲ့အတူ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ တရားမဝင် သစ်ခိုးထုတ်လုပ်ကိုင်မှုတွေ ဖြစ်ပေါ်လာပါတယ်၊ တရားမဝင် ဆောင် ရွက်နိုင်ဖို့ ဝန်ထမ်းများကို ချဉ်းကပ်မှု အမျိုးမျိုးလည်း ပြုလုပ်လာကြတဲ့ အတွက် သစ်တောဦးစီးဌာန အနေနဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖြေရှင်းနေရပါတယ်” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

တရားမဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ကာကွယ်တားဆီးလျက် ရှိသော်လည်း တရားမဝင် သစ်ခိုးထုတ်၊ သယ်ယူ ပို့ဆောင် ရောင်းဝယ်သူများအနေဖြင့် တာဝန်ရှိ ဝန်ထမ်းများအား ချဉ်းကပ်ပြီး လာဘ်ပေး လာဘ်ယူ ပြုလုပ်ခြင်းများ ရှိသကဲ့သို့ တရားဝင်သစ်များနှင့် ထုတ်လုပ်၊ သယ်ဆောင်၊ ကုန်ကြမ်းမှ ကုန်ချောထုတ်ခြင်းများ ဆောင်ရွက်ရာတွင်လည်း သတ်မှတ် ထားသည့် လုပ်ထုံး လုပ်နည်းနှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်း မရှိဘဲ မသမာသော နည်းလမ်းများ အသုံးပြုဆောင်ရွက်နေမှုများ ရှိနေဆဲ ဖြစ်သောကြောင့် နိုင်ငံတော်၏ အဖိုးတ် သယံဇာတများ ပြုန်းတီးခြင်း၊ ရသင့်ရထိုက်သည့် အခွန်ငွေများ ဆုံးရှုံး နစ်နာခြင်း၊ ဝန်ထမ်း များ၏ ကိုယ်ကျင့်တရား ထိခိုက်စေခြင်းများ ရှိနေကြောင်း၊ အဆိုပါ ထိခိုက်မှုများကို ဖြစ်ပေါ်စေသော အကြောင်းခံ အချက်များကို ဖော်ထုတ်ပြီး ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် လိုအပ်သည်များပြုပြင် ကြပ်မတ် ဆောင်ရွက်နိုင်ရန်အတွက် ယခု အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုသည် FAO ၏ ငါးနှစ်တစ်ကြိမ် ထုတ်ပြန်သော Forest Resource Assessment (2015) အရ နိုင်ငံ ဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ဧက အားဖြင့် ၇၂ သန်းခန့် ရှိ ကြောင်းသိရသည်။အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရး ကော်မရှင် အဖွဲ့ဝင်နှင့်အတူ ပြည် ထောင်စု အဆင့် အရာရှိကြီးများ၊ ပြည်ထောင်စု တရားလွှတော်ချုပ်ရုံး၊ ပြည်ထောင်စု ရှေ့နေချုပ် ရုံးနှင့် ဖိတ်ကြားထားသော ဌာန အသီးသီးမှ ကိုယ်စားလှယ်များ၊ သစ်တောကဏ္ဍနှင့် ဆက်စပ် လူမှု အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)