Connect with us

China

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး သတင်း အချက်အလက် ဝန်ဆောင်မှု အသစ် ဆင်ဟွာ ထုတ်ပြန်

ဆင်ဟွာ သတင်းဌာန ဥက္ကဌ ချိုက်မင်ကျောက် (အလယ်) နှင့် ဆင်ဟွာသတင်းဌာန အယ်ဒီတာချုပ် ဟဲဖိန် (စတုတ္ထ)တို့ ဆင်ဟွာ ပိုးလမ်းမကြီးဝန်ဆောင်မှုအသစ်အား ဇူလိုင်လ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ စတင်ဖွင့်လှစ်ပေးနေစဉ်။ (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ခေတ်သစ် ပိုးလမ်းမကြီး တလျှောက်တွင် ရင်းနှီးမြှုပ်နှံမည့် ကမ္ဘာတစ်ဝှမ်းက ရင်းနှီးမြှုပ်နှံ သူများအတွက် အထောက်အပံ့ ဖြစ်စေနိုင်ရန် ရည်ရွယ်ပြီး စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ သတင်းအချက်အလက် ဝန်ဆောင်မှုသစ် တစ်ခုကို တရုတ်နိုင်ငံ၏ အကြီးဆုံး နိုင်ငံပိုင် သတင်းဌာန ဖြစ်သည့် ဆင်ဟွာ သတင်းဌာနက ယနေ့ (ကြာသပတေးနေ့ ) တွင် ထုတ်ပြန် ကြေညာလိုက် ပါသည်။

ဆင်ဟွာ သတင်းဌာန၏ “ဆင်ဟွာ ပိုးလမ်းမကြီး ဝန်ဆောင်မှုများ” ဟု အမည် ပေးထားသော ဝန်ဆောင်မှု အသစ်သည် ဆင်ဟွာ၏ မဟာ ဗျူဟာမြောက် ခြေလှမ်းသစ် တစ်ရပ်လည်း ဖြစ်သည်။ ပိုးလမ်းမကြီး တလျှောက်ရှိ အစိုးရများနှင့် ကုမ္ပဏီများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး ပေါင်းကူး အဖြစ် ထောက်ပံ့ ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ဆင်ဟွာ သတင်း ဌာန ဥက္ကဋ္ဌ ချိုက်မင်ကျောက် က ပြောပါသည်။

အဆိုပါ ဝန်ဆောင်မှုသည် အင်တာနက်ကို အခြေခံထားပြီး လက်တလော တွင်တော့ အင်္ဂလိပ်နှင့် တရုတ်ဘာသာ စကား ဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ အဓိက ထုတ်ကုန်နှင့် ဝန်ဆောင်မှုများတွင် လေးမျိုးပါဝင်ပြီး ယင်းတို့မှာ ပိုးလမ်းမကြီး ဆိုင်ရာ သတင်းအချက် အလက်များ၊ ငွေချေးငှားမှုဆိုင်ရာ အစီရင်ခံစာများ၊ ပညာရှင်အဖွဲ့၏ ဆွေးနွေး အကြံပေး ဝန်ဆောင်မှုများနှင့် စီးပွားရေး လုပ်ငန်း အချင်းချင်း ချိတ်ဆက် ဆောင်ရွက်ပေးခြင်း စသော ဝန်ဆောင်မှုများ ပါဝင်မည် ဖြစ်သည်။

ပိုးလမ်းမကြီး ဆိုင်ရာ သတင်း အချက်အလက်များ ဝန်ဆောင်မှုတွင် ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းဆိုင်ရာ သတင်း အချက်အလက်၊ နောက်ဆုံး ထုတ်ပြန် ထားသော မူဝါဒ ပေါ်လစီများ ၊ အထွေထွေ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးမှု၊ စီမံကိန်းဆိုင်ရာ သတင်း အချက်အလက်များ နှင့် ပိုးလမ်းမကြီး တလျှောက် နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရာ၌ စွန့်စားမှု ဆိုင်ရာ အကဲဖြတ်မှုများ စသည့် သတင်းအချက် အလက်များ ပါဝင်ပါသည်။

ဆင်ဟွာ သတင်းဌာန ဥက္ကဌ ချိုက်မင်ကျောက် ဇူလိုင်လ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ ကျင်းပသော ဆင်ဟွာ ပိုးလမ်းမကြီးဝန်ဆောင်မှုအသစ် ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားနေစဉ်။ (ဆင်ဟွာ)

ငွေချေးငှားမှုဆိုင်ရာ သတင်းအချက်အလက် ဝန်ဆောင်မှု များတွင် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ချက်များ ချရာတွင် ကိုးကားနိုင်ရန် အတွက် သက်ဆိုင်ရာ နိုင်ငံများ၊ ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှု ပရောဂျက်များ၏ ငွေချေးငှားမှု နှင့် စွန့်စားမှုဆိုင်ရာ အကဲဖြတ်မှု အစီရင်ခံစာများလည်း ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။

ဆွေးနွေး အကြံပေး ဝန်ဆောင်မှုတွင်တော့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက် ချရန်အတွက် ဆင်ဟွာ၏ ကျယ်ပြန့်သော သတင်း အချက်အလက် ကွန်ရက်နှင့် ကျွမ်းကျင်သော စီးပွားရေး ပညာရှင်များ၏ ဆွေးနွေး အကြံပေးခြင်း များပါဝင်ပါသည်။တခြား အစီအစဉ်များတွင်တော့ အွန်လိုင်း စီးပွားရေး တွေ့ဆုံ ဆွေးနွေးမှုနှင့် ရင်းနှီးမြှုပ်နှံမှု ပရောဂျက် များအတွက် စီးပွားရေး ချိတ်ဆက်မှု တိုးမြင့်ရန်အတွက် လွယ်ကူချောမွေ့စေရေး စသော ဝန်ဆောင်မှုများ ထည့်သွင်း ထားပါသည်။

ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းကို တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်တွင် အဆိုပြုခဲ့ပြီး ပိုးလမ်းမ စီးပွား ရေးလမ်းကြောင်း နှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးတို့ ပါဝင်သော ကုန်သွယ်မှုနှင့် အခြခံ အဆောက်အအုံ ကွန်ရက်ဖြစ်သည်။ အဆိုပါ ကွန်ရက်သည် အာရှ၊ ဥရောပ၊ အာဖရိကတို့ ကို ဆက်သွယ်ထားပြီး လူဦးရေ ၄.၄ ဘီလီယံ ရှိသော နိုင်ငံနှင့် ဒေသပေါင်း ခြောက်ဆယ် ကျော်ကို ဖြတ်သန်း သွားသည်။ (Xinhua)