Connect with us

MYANMAR

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှု ရှစ်လအတွင်း COVID-19 ကြောင့် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် လျော့ကျ

မြန်မာ တရုတ် နယ်စပ်ဂိတ် (ဓာတ်ပုံ- အင်တာနက်)

နေပြည်တော်၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏသည် ၂၀၁၉ အောက်တိုဘာမှ ၂၀၂၀ မေလ၊ ရှစ်လအတွင်း ကျဆင်းခဲ့ရာ ယမန်နှစ် အလားတူ ကာလနှင့် ယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုးခန့် လျော့နည်း ထိခိုက်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ကုန်စည်များ အလေးထား ပို့ဆောင်ရသော လများတွင် COVID-19 ကပ်ရောဂါကြောင့် ထိုသို့ လျော့ကျရခြင်း ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီး ဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဆင်ဟွာသို့ ယနေ့ နံနက်ပိုင်း၌ ဖြေကြားခဲ့သည်။

“အရင်နှစ် အလားတူ ကာလနဲ့ နှိုင်းယှဉ်ရင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ပမာဏဟာ COVID-19 ရောဂါကြောင့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ကျော်လောက် ထိခိုက်လျော့နည်းခဲ့ပါတယ်၊ အဓိက ကတော့ ပို့ကုန်ပမာဏပိုင်းမှာ အများဆုံး လျော့ကျပြီး ထိခိုက်ခဲ့ရတာပါ”ဟု လက်ထောက် အတွင်း ဝန်က ပြောကြားခဲ့သည်။

ယခု နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပြီးချိန်တွင် မူဆယ်၊ ကျင်စန်းကျော့၊ လွယ်ဂျယ် စသည့် နယ်စပ်ဂိတ်များသို့ တစ်ရက်လျှင် ကားစီးရေး ငါးရာခန့် ကုန်သွယ်လျက်ရှိနေသော်လည်း ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် ကုန်သွယ်မှု နှောင့်နှေးလျက် ရှိကြောင်း၊ ထိုအချက်ကို ဖြေရှင်း နိုင်မည့် အပြန်အလှန် တောင်းဆိုမှုများကို နှစ်ဘက် ညှိနှိုင်းလျက် ရှိကြောင်း၊ ပြီးခဲ့သည့် နှစ်ရက် ဇွန်လ ၈ ရက်နေ့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သ့အမတ်ကြီး Mr. Chen Hai ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်တို့တွေ့ဆုံပွဲတွင် နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စများအား ဆွေးနွေးခဲ့ကြရာ မူဆယ် ၁၀၅ မိုင်မှ ရွှေလီအထိ ကုန်သွယ် လမ်းကြောင်း အတွင်း ယာဉ်ကြော ပိတ်ဆို့မှု လျှော့ချနိုင်ရေးလည်း ပါဝင်ကြောင်း ၎င်းက ရှင်းပြ ခဲ့သည်။

“လက်ရှိမှာ လမ်းတွေကျဉ်းတာရော ကုန်ကားအတွက် တစ်လမ်းမောင်း ဖြစ်နေတာရော ပါပါတယ်၊ ပြီးတော့ ကျင်စန်းကျော့ဂိတ်မှာ မြန်မာကုန်ကားတွေကို လာကြိုပြီး သစ်သီးကွင်းရောက်တဲ့ အထိ နှစ်မိုင်လောက် မောင်းပေးရတဲ့ တရုတ် ယာဉ်မောင်းက ၂၀ ဦးပဲရှိနေတယ်၊ ဒါကို သုံးဆယ်လောက် အထိ တိုးနိုင်ဖို့ နှစ်ဘက် ညှိနှိုင်းခဲ့ရာမှာဒီနေ့က စပြီး တရုတ် ယာဉ်မောင်း ၃၀ ဦးအထိ တိုးလိုက် နိုင်ပါပြီ၊ ရေထွက်ကုန်စည်နဲ့သီးနှံတွေ အရည်အသွေးစစ်ဆေးတဲ့ လုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့၊ ၀ ဥ၊ လျှော်ဖြူ၊ ထောပတ်သီး စတဲ့ ပို့ကုန် အမယ်သစ် တွေကို နယ်စပ် ဂိတ်မှာ စိစစ် ဆောင်ရွက်မှု အဆင့်တွေ ဖြေလျှော့ဖို့ စတဲ့ အချက်တွေကို ညှိနှိုင်းနေ ကြ ပါတယ်” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

အဆိုပါ အချက်များတွင် ရွှေလီ – မူဆယ်ဂိတ်ကို ည ၁၀: ၀၀ နာရီ အထိ ဖွင့်လှစ်ပေး ရေးလည်း ပါဝင်ခဲ့ပြီး  ယနေ့ ဇွန်လ ၁၀ ရက်နေ့ညမှစ၍ မြန်မာဘက်တွင် ည ၁၀: ၀၀ နာရီ အထိ နှင့် တရုတ်နိုင်ငံ ဘက်တွင် ည ၁၁ း ၃၀ နာရီ အထိ ဖွင့်လှစ်ရန် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကုန်စည် မပါဘဲ ရပ်ထားသည့် ယာဉ်များအား ရှင်းလင်းပြီးကုန်စည်ပါ ယာဉ်များကို ဦးစားပေးရေး၊ မူဆယ်-မန္တလေး ရထားလမ်း အမြန်ဆုံး တည်ဆောက်နိုင်ရေး၊ မြန်မာ-တရုတ် နယ်စပ် စီးပွား ပူးပေါင်း ဆောင်ရွက်မှု ဇုန် အကောင်အထည်ဖော်ရေး စသည့် အချက်များလည်း ပါဝင်ကြောင်း လက်ထောက် အတွင်းဝန်က ပြောကြားခဲ့သည်။ 

“မြန်မာ-တရုတ် နယ်စပ် စီးပွား ပူးပေါင်း ဆောင်ရွက်မှု ဇုန်ကို ပြီးခဲ့တဲ့ တရုတ် သမ္မတကြီး ခရီးစဉ်မှာ တည်းက အကြမ်းဖျင်း သဘောတူထားကြပါတယ်၊ အခု မူဆယ် – ရွှေလီမှာ လုပ်ဖို့ သဘောတူပြီး ပါပြီ၊ ဒါပေမယ့် ဘယ်နေရာမှာ မြေဧက ဘယ်လောက်စီနဲ့ လုပ်မှာလဲ ဆိုတာ နှစ်ဘက် ညှိနှိုင်းနေ ပါတယ်၊ နှစ်နိုင်ငံရဲ့ အောက်ခြေ အဆင့် အဖွဲ့အစည်းတွေက မြေပြင် ကွင်းဆင်း ကြည့်ရှုပြီး ညိနှိုင်းပြီးမှ အထက်ကို ပြန်တင်ပြပြီး Framework Agreement လက်မှတ်ထိုးကြရမှာပါ၊ အခုက အောက်ခြေ အဆင့် ကွင်းဆင်းဖို့ စီစဉ်နေကြပါပြီ”  ဟု လက်ထောက် အတွင်းဝန်က ရှင်းပြခဲ့သည်။

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ နှစ်စဉ် တိုးတက်လျက် ရှိပြီး ယခု COVID-19 ရောဂါနှင့် တိုက်ဆိုင်သော လများအတွင်း၌သာ ကျဆင်းခဲ့ရခြင်း ဖြစ်ကြောင်း၊ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်၏ မေလ ၂၉ ရက်န့အထိ စာရင်းအရ တရုတ်နိုင်ငံ သို့ မြန်မာ့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှာ တန်ချိန်ပေါင်း ၁ ဒသမ ၉၆ သန်း ရှိခဲ့ကြောင်း သိရသည်။(Xinhua)