Connect with us

Myanmar

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်လှစ်

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်သစ် အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို ဖွင့်လှစ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (နိုဝင်ဘာ ၂၄ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တက္ကသိုလ်ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်ပြီး ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းက အကျိုးပြုစေနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်လှစ်ရသည့် အခြေခံရည်ရွယ်ချက်များမှာ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အချင်းပြည့်ဝသည့် စိုက်ပျိုးရေးပညာသိပ္ပံဘွဲ့နှင့် မွေးမြူရေးပညာသိပ္ပံဘွဲ့ရ ပညာရှင်များ ပိုမိုသင်ကြားမွေးထုတ်ပေးနိုင်ရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ခေတ်မီနည်းပညာများ၊ အတတ်ပညာများ လေ့လာသင်ယူနိုင်ကြစေရန်နှင့် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများကို ပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ကြစေရန်ပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင်က မြန်မာနိုင်ငံတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် တစ်ခုတည်းသော စိုက်ပျိုးရေးတက္ကသိုလ်ဖြစ်ပြီး အလားတူ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သည်လည်း တစ်ခုတည်းသောတက္ကသိုလ်အဖြစ်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)