Agriculture
မြန်မာနိုင်ငံက စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာစေရေးအတွက် ပြည်တွင်းထုတ်ဒီဇယ်ဆီများအား တောင်သူများထံသို့ လုပ်ငန်းခွင်အရောက် ဆက်လက်ရောင်းချပေးလျက်ရှိ
ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက တောင်သူများကို စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများအား တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း ဧပြီ ၂၁ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar သတင်းတွင် ဖော်ပြထားသည်။
၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့ ပြည်တွင်းထုတ် ဒီဇယ်ဆီ တစ်ဂါလန်လျှင် ငွေကျပ် ၁၀,၀၀၀ နှုန်း၊ လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထိုသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ဧပြီလ ၂၀ ရက်တွင် နေပြည်တော်ရှိ တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် စက်သုံးဆီဂါလန် ၆၅၀ ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် စက်သုံးဆီဂါလန် ၁၁၀ ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရ၊ ဝမ်းတွင်း၊ ပျော်ဘွယ်မြို့နယ်များတွင် စက်သုံးဆီ ၂,၂၇၁ ဂါလန်ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ၄,၅၇၈ ဂါလန်ကိုလည်းကောင်း စုစုပေါင်း ၇,၆၀၉ ဂါလန်အား လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရသည်။ကျန်ရှိနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တောင်သူများထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ စက်သုံးဆီများကို လက်ငင်းငွေချေစနစ်ဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
