Politics
(လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု) သံမှူးကြီး Dr. Zheng Zhihong မှ လန်ချန်း-မဲခေါင် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်
မတ်လ ၁၂ ရက်နေ့၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် နိုင်ငံ့ခေါင်းဆောင် အစည်းအဝေး ကျင်းပခဲ့သည့် (၁၀) နှစ်ပြည့် အခါသမယတွင်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပံ့ပိုးကူညီသည့် “အသေးစားနှင့် အငယ်စား လုပ်ငန်းများ၏ ဒီဂျစ်တယ်စနစ် ကျင့်သုံးနိုင်စွမ်းကို မြှင့်တင်ပေးရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒီဂျစ်တယ်စီးပွားရေးစနစ်ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်သွားရန်” ဟူသော စီမံကိန်းအောက်ရှိ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ အလုပ်ရုံဆွေနွေးပွဲကို နေပြည်တော်၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုး နှင့် နိုင်ငံတကာပညာရှင်များစသဖြင့် ဧည့်သည်တော် ၃၀၀ ခန့် online၊ offline မှတဆင့် တက်ရောက်ခဲ့ကြသည်။
သံမှူးကြီး Dr. Zheng Zhihong မှ ပြောကြားရာတွင် ၊ “ ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း ” ကာလအတွင်း တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ် တရုတ်ပြည် တည်ဆောက်ရေးကို အရှိန်အဟုန်မြှင့်ကာ ဒစ်ဂျစ်တယ်စီးပွားရေး ဗဟိုပြု စက်မှုလုပ်ငန်းများကို ဆက်လက် တိုးတက်စေမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ လန်ချန်း-မဲခေါင်အဖွဲ့ဝင် နိုင်ငံများနှင့် ဒစ်ဂျစ်တယ် စီးပွားရေး တိုးတက်မှု အတွေ့အကြုံကို အတူတကွ မျှဝေသွားမည်ဖြစ်ကြောင်း၊ စီးပွားရေး တိုးတက်မှု ပုံစံသစ်များကို အတူတကွပျိုးထောင်သွားကြရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်မှလည်း တရုတ်နိုင်ငံ၏ အားပေး ထောက်ခံမှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ၊ စီမံကိန်းတွင် E-commerce Website တည်ဆောက်ခြင်း၊ ဒစ်ဂျစ်တယ် နည်းပညာ သင်တန်းများပို့ချခြင်း၊ ဒေသအလိုက် အလုပ်ရုံဆွေနွေးပွဲများ ပြုလုပ်ကျင်းပခြင်း အစရှိသည့် အကြောင်းအရာများ ပါဝင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေး တိုးတက်မှု ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် ကူညီနိုင်လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေနွေးပွဲကို နှစ်ရက်ဆက်တိုက် ကျင်းပသွားမည်ဖြစ်ပြီး၊ ဒစ်ဂျစ်တယ်နည်းပညာ လက်တွေ့ကျင့်သုံးနိုင်ရေးကို အခြေခံ၍ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

