Videos
တူရကီနိုင်ငံ၌ COVID-19 ပျံ့နှံ့မှု ထိန်းချုပ်ရန် အလုံးစုံ lock down အမိန့်ထုတ်ပြန်
အန်ကာရာ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံက COVID-19 ကူးစက်ပျံ့နှံ့မှုအားထိန်းချုပ်ရန်အတွက် အလုံးစုံ lockdown အမိန့်ကို တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။Lockdown သတ်မှတ်ချက်မှာ ဧပြီ ၂၉ ရက်မှ မေ ၁၇ ရက်အထိဖြစ်ပြီးနေ့စဉ် COVID-19ကူးစက်ခံရသူ ၅ထောင်အောက်သို့ လျော့ကျစေရန်ရည်ရွယ်ကြောင်း တူရကီ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) အစိုးရအဖွဲ့အစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
လော့ဒေါင်းသတ်မှတ်ချက်ထဲတွင် မြို့အချင်းချင်းသွားလာမှုအား ခွင့်ပြုချက်ရရှိမှသာသွားလာနိုင်သည့်အပြင် မြို့တွင်းသယ်ယူပို့ဆောင်ရေးကို ၅၀ ရာခိုင်နှုန်းသာ ခွင့်ပြုထားပြီး ကျောင်းများအားလုံးနှင့် မျက်နှာချင်းဆိုင်သင်ကြားရေးကဏ္ဍများအားလုံးကိုလည်းဆိုင်းငံ့ထားကြောင်းသိရသည်။
ကုန်ထုတ်လုပ်ငန်းနှင့် အစားအသောက်ထုတ်လုပ်ရေးကဏ္ဍများအား ချွင်းချက်ထားကာခွင့်ပြုထားကြောင်း အာဒိုဂန်က ဆိုသည်။တူရကီနိုင်ငံသည် ပြီးခဲ့သည့် တနင်္လာနေ့တွင် COVID-19 အသစ်ထပ်မံကူးစက်ခံရသူ ၃၇,၃၁၂ ဦးရှိခဲ့ရာ တစ်နိုင်ငံလုံး ကူးစက်ခံရသူအရေအတွက် ၄,၆၆၇,၂၈၁ ဦးထိ ရှိလာခဲ့ကြောင်းတူရကီကျန်းမာရေး ဝန်ကြီးဌာန ကထုတ်ပြန်သည်။
တူရကီနိုင်ငံက တရုတ်နိုင်ငံထုတ် CoronaVac ကာကွယ်ဆေးအား အရေးပေါ်သုံးစွဲရန် ခွင့်ပြုချက်ရရှိပြီးနောက် ပြည်လုံးကျွတ်COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအား ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။
တူရကီတွင်COVID-19 ကူးစက်ခံရသည့် ပထမဆုံး အတည်ပြုလူနာကို ၂၀၂၀ ပြည့်နှစ် မတ်၁၁ ရက်တွင် စတင်တွေ့ရှိခဲ့သည်။ (Xinhua)