Videos
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပ
ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သည့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပခဲ့ကြကြောင်း သိရသည်။
၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ကုန်းရှိ အာဇာနည်ဗိမာန်၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များနှင့် အကြီးအကဲများ အစိုးရအဖွဲ့ဝင်များ တက်ရောက် ဂါရဝပြု လွမ်းသူပန်းခွေ ချခဲ့ကြသည်။
အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နှင့် ဗိုလ်ချုပ်ကြေးရုပ်၊ အတွင်းဝန်ရုံးများသို့လည်း ယနေ့ နံနက်မှစ၍ ပြည်သူအများအပြား ဝင်ရောက် ဂါဝရပြုရန် စတင်ရောက်ရှိခဲ့ကြသည်။
ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ ယခင်အတွင်းဝန်ရုံးကို အများပြည်သူများ လာရောက် လေ့လာခွင့် ပြုထားရာ နံနက် ၈ နာရီ ၃၀ မိနစ်မှ စတင်၍ အများပြည်သူများ လာရောက် လေ့လာ ဂါဝရပြုလျက် ရှိသည်။
အာဇာနည် ကိုးဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဥသြဆွဲခြင်းများ၊ ပြည်သူများက ငြိမ်သက်စွာနေ၍ အလေးပြုခြင်းများ ပြုလုပ်ခဲ့သည်။ (Xinhua)