Connect with us

International Organizations

Laureus တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုများကို အယ်လ်ကာရက်ဇ်နှင့် ဆာဘလန်ကာတို့ ဆွတ်ခူး

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် Laureus World Sports ဆုပေးပွဲအခမ်းအနား၌ တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်နေသည့် ကားလို့စ် အယ်လ်ကာရက်ဇ်အား ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဧပြီ ၂၀ ရက် ညပိုင်းက ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် Laureus World Sports ဆုပေးပွဲအခမ်းအနားတွင် စပိန်တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်က တစ်နှစ်တာအကောင်းဆုံး အားကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။
အယ်လ်ကာရက်ဇ်အနေဖြင့် ၂၀၂၅ ခုနှစ် Tour de France ပြိုင်ပွဲတွင် စတုတ္ထအကြိမ် ချန်ပီယံဖြစ်ခဲ့သည့် စက်ဘီးစီးသမား တာဒက် ပိုဂါကာအပြင် အခြားအားကစားနယ်ပယ်မှ ကစားသမားများနှင့် တင်းနစ်လောကတွင် ၎င်း၏ အဓိကပြိုင်ဘက်ဖြစ်သော နိုဗက် ဂျိုကိုဗစ် အပါအဝင် ဆန်ခါတင်စာရင်း၌ ပါဝင်သည့် အခြားအားကစားသမားများကို ကျော်ဖြတ်၍ အဆိုပါဆုအား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တင်းနစ်လောကအတွက် နောက်ထပ်အောင်မြင်မှုအဖြစ် တင်းနစ်မယ် အရီနာ ဆာဘလန်ကာသည်လည်း တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးအားကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။
“လက်ရှိ အားကစားလောကမှာ သန်မာပြီး ထူးချွန်သလို စိတ်ဓာတ်မြှင့်တင်ပေးနိုင်တဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်” ဟု အားကစားလောကမှ ကြယ်ပွင့်အများအပြားရှိနေသည့် အခန်းထဲတွင် ဆာဘလန်ကာက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားကို မက်ဒရစ်မြို့တွင် နှစ်နှစ်ဆက်တိုက် ကျင်းပခဲ့ကာ တင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်နှင့် တရုတ်နိုင်ငံမှ အလွတ်နှင်းလျှောစီး အားကစားမယ် ကူအိုက်လျင်တို့က အခမ်းအနားမှူးအဖြစ် တာဝန်ယူခဲ့သည်။ ကူက အခမ်းအနားမှူးတာဝန်ကို နှင်းလျှောစီးခြင်းနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ကာ ယင်းအလုပ်နှစ်ခုစလုံးမှာ အလွန်စိတ်လှုပ်ရှားစရာကောင်းသည်ဟု ဆိုသည်။
ဘာစီလိုနာအသင်း၏ စပိန်လက်ရွေးစင်ကစားသမား လာမင်း ယမားလ်က တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးသွားခဲ့ပြီး ယမားလ်အနေဖြင့် ယခုကဲ့သို့ ဆုရရှိခဲ့သည့် အကြောင်းရင်းတစ်ရပ်မှာ မျိုးဆက်တစ်ခုလုံးအပေါ် လွှမ်းမိုးမှုရှိခြင်းကြောင့်ဖြစ်သည်ဟု ကူက ရှင်းပြခဲ့သည်။
“အနာဂတ်ခရီးလမ်းမှာ ဖြတ်သန်းရမယ့်အရာတွေ အများကြီးကျန်သေးတာမို့ ဒီဆုက ကျွန်တော့်ကို ရှေ့ဆက်ကြိုးစားနိုင်ဖို့ အထောက်အကူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ယမားလ်က ပြောသည်။
ထို့ပြင် ဘောလုံးအားကစားအတွက် နောက်ထပ်အောင်မြင်မှုအဖြစ် ဥရောပချန်ပီယံ ပီအက်စ်ဂျီအသင်းက အင်္ဂလန်အမျိုးသမီး ဘောလုံးအသင်းနှင့် အိန္ဒိယအမျိုးသမီး ခရစ်ကတ်အသင်း အပါအဝင် ပြိုင်ဘက်များကို ကျော်ဖြတ်ကာ တစ်နှစ်တာအကောင်းဆုံး အားကစားအသင်းဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
တစ်နှစ်တာ အကောင်းဆုံးပြန်လည်စွမ်းဆောင်နိုင်သည့်ဆုကိုမူ ယူအက်စ် မာစတာစ် ဂေါက်သီးရိုက်ပြိုင်ပွဲ၌ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည့် ရိုရီ မက်အီရွိုင်းက ရရှိခဲ့သည်။ မက်အီရွိုင်းမှာ အမေရိကန်တွင် ကျင်းပခဲ့သည့် Ryder Cup ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဥရောပအသင်း ဗိုလ်စွဲနိုင်စေရန် ကူညီစွမ်းဆောင်ပေးခဲ့သူလည်းဖြစ်သည်။
“ကျွန်တော် ကပ်လွဲလေးတွေနဲ့ အများကြီးကြုံခဲ့ပေမဲ့ အဲဒါကပဲ ကျွန်တော့်ကို ပိုပြီးကြိုးစားဖို့၊ ဘယ်တော့မှ အရှုံးမပေးဖို့ သင်ပြပေးခဲ့ပါတယ်။ ဒါကြောင့် မနှစ်တုန်းက ဩဂတ်စတာမှာ အဲဒီအကျိုးကျေးဇူးကို ခံစားခဲ့ရတာပါ” ဟု လွန်ခဲ့သော သီတင်းပတ်နှစ်ပတ်နီးပါးက ၎င်း၏ မာစတာစ်ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည့် မက်အီရွိုင်းက ပြောကြားခဲ့သည်။
ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံ လန်ဒို နောရစ်စ်က အတိုးတက်ဆုံး အားကစားသမားဆုကို ဆွတ်ခူးသွားခဲ့ပြီး အဆိုပါဆု ဆန်ခါတင်စာရင်း၌ တရုတ်နိုင်ငံမှ ယွီကျစ်သီလည်း ပါဝင်ခဲ့သည်။
တစ်နှစ်တာအကောင်းဆုံး မသန်စွမ်းအားကစားသမားဆုကို ဘရာဇီးနိုင်ငံမှ မသန်စွမ်းအိုလံပစ် ရေကူးအားကစားသမား ဂါဘရီရယ် အာရူဟိုက ဆွတ်ခူးနိုင်ခဲ့ပြီး ထူးခြားသည့် အားကစားလှုပ်ရှားမှုဆုကိုမူ ခလိုအီ ကင်က တတိယအကြိမ် ဆွတ်ခူးနိုင်ခဲ့ကာ ၎င်းအနေဖြင့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင်လည်း အဆိုပါဆုကို နှစ်နှစ်ဆက်တိုက် ရယူနိုင်ခဲ့သည်။
မိခင်နိုင်ငံဖြစ်သော ဂျာမနီနိုင်ငံ၌ ဘောလုံးအကယ်ဒမီ ဖွင့်လှစ်ထားကာ နာမကျန်းဖြစ်နေသော ကလေးငယ်များကို အကူအညီပေးနေသည့် ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ် ကွင်းလယ်လူဟောင်း တိုနီ ခရူးစ်က Sporting Inspiration Award ဆုကို ရရှိခဲ့သည်။
“ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲညီညီ အလုပ်လုပ်ကြမယ်ဆိုရင် ကြီးမားတဲ့ တိုးတက်မှုကို ဖန်တီးနိုင်မှာပါ” ဟု ဆုလက်ခံရရှိပြီးနောက် ၎င်းက အမှတ်တရစကား၌ ထည့်သွင်းပြောကြားခဲ့ကာ Futbol Mas ပရောဂျက်က Sport for Good Award ဆုကို ရရှိသွားခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် Laureus World Sports ဆုပေးပွဲအခမ်းအနား၌ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးအားကစားသမားဆုနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်နေသည့် အရီနာ ဆာဘလန်ကာအား ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ မြုးနစ်မြို့တွင် ၂၀၂၅ ခုနှစ် မေ ၃၁ ရက်က ၂၀၂၅ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အနိုင်ရဗိုလ်စွဲပြီးနောက် နည်းပြချုပ် လူးဝစ်စ် အန်နရီကေး (ယာ-ပထမ) နှင့် ပီအက်စ်ဂျီကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် Laureus World Sports ဆုပေးပွဲအခမ်းအနား၌ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်နေသည့် လာမင်း ယမားလ်အား ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Alcaraz, Sabalenka win Laureus awards
MADRID, April 20 (Xinhua) — Spanish tennis player Carlos Alcaraz was named World Sportsman of the year at the 2026 Laureus World Sports Awards on Monday night.
Alcaraz beat candidates including cyclist Tadej Pogacar, who won his fourth Tour de France in 2025, along with numerous other races, and his main tennis rival, Jannik Sinner.
There was further success for tennis when Aryna Sabalenka was named World Sportswoman of the Year.
“There are so many strong, great and inspiring women in sport at the moment,” she said, expressing gratitude in a room where there were “so many stars.”
The ceremony was held in Madrid for the second year running, with tennis player Novak Djokovic and Chinese freestyle skier Gu Ailing on presenting duties. Gu likened her new role to skiing by saying both gave her “butterflies” in her stomach.
FC Barcelona’s Spain international Lamine Yamal was named World Young Sportsperson of the Year, with Gu explaining one reason for his win was the impact he has had “on a whole generation.”
“I hope this helps me carry on, as there is a long road ahead,” said Yamal.
There was another footballing triumph as European champion Paris Saint-Germain was awarded the Laureus World Team of the Year, beating rivals including the England women’s football team and the India women’s cricket team.
The World Comeback of the Year went to defending US Masters golf champion Rory McIlroy, who also helped Europe win the Ryder Cup in the United States.
“I’ve had a lot of near misses, but that has taught me to work harder and never give up and that was rewarded at Augusta last year,” said McIlroy, who retained his Masters title less than a fortnight ago.
Formula One world champion Lando Norris was the winner of the World Breakthrough of the Year, a category where China’s Yu Zidi was among the nominees.
The World Sportsperson of the Year with a Disability was Brazilian Paralympic swimmer Gabriel Araujo, while Chloe Kim was named World Action Sportsperson of the Year for the third time after her back-to-back wins in 2019 and 2020.
The Sporting Inspiration Award was for former Real Madrid and Bayern Munich midfielder Toni Kroos, who has an academy and works with sick children in his native Germany.
“If we can all be united and work together, we can all make a big step forward,” he commented in his acceptance speech, while the Futbol Mas project took the Sport for Good Award.
English Caption 1
Carlos Alcaraz poses with the World Sportsman of the Year award during the 2026 Laureus World Sports Awards ceremony in Madrid, Spain, April 20, 2026. (Xinhua/Cheng Min)
English Caption 2
Aryna Sabalenka poses with the World Sportswoman of the Year award during the 2026 Laureus World Sports Awards ceremony. (Xinhua/Cheng Min)
English Caption 3
Head coach Luis Enrique (1st R) and Paris Saint-Germain players celebrate after winning the 2025 UEFA Champions League final against Inter Milan in Munich, Germany, May 31, 2025. (Xinhua/Peng Ziyang)
English Caption 4
Lamine Yamal poses with Laureus World Young Sportsperson of the Year Award during the 2026 Laureus World Sports Awards ceremony in Madrid, Spain, April 20, 2026. (Xinhua/Cheng Min)