Local
မြန်မာ နိုင်ငံရောက် KFC စားသောက် ဆိုင်ခွဲများ ထပ်မံဖွင့်လှစ်ရန်ရှိ

ရန်ကုန် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
ကမ္ဘာ့ အကြီးဆုံး စားသောက်ဆိုင်တွဲ လုပ်ငန်းများတွင် တစ်ခု အပါအဝင်ဖြစ်သည့် KFC စားသောက် ဆိုင်ခွဲကို မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးအနီးတွင် ဖွင့်လှစ်လိုက်ပြီး ယခုနှစ်အတွင်း ရန်ကုန်မြို့အနှံ့ KFC ဆိုင်ခွဲများ ထပ်မံ ဖွင့်လှစ်ရန် ရှိကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ၌ KFC (Kentucky Fried Chicken) စားသောက် ဆိုင်ခွဲကို ဇွန်လ (၃၀) ရက်မှ စတင် ဖွင့်လှစ်လိုက်ပြီး ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၇) ရက်တွင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ၊ KFC ကြက်ကြော်ကို လူတန်းစားမရွေး ဝယ်ယူစားသုံး နိုင်မည့် သင့်တင့်သော ဈေးနှုန်းများဖြင့် ရောင်းချ ပေးထားသဖြင့် နေ့စဉ် တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ (၄,၀၀၀) ဝန်းကျင်ခန့်ဝယ်ယူအားပေးသူ များပြားသဖြင့် အလှည့်ကျ တန်းစီ စနစ်ဖြင့် ရောင်းချရကြောင်း သိရသည်။
KFC သည် ကမ္ဘာ့အကြီးဆုံး စားသောက်ဆိုင်တွဲ လုပ်ငန်းများတွင် တစ်ခု အပါအဝင် ဖြစ်ပြီး တစ်ကမ္ဘာလုံး အရောင်းပမာဏ အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ တန်ဖိုးရှိကာ နိုင်ငံပေါင်း ၁၂၀ ကျော်တွင် စားသောက်ဆိုင်ပေါင်း ၁၉,၄၀၀ ကျော် ဖွင့်လှစ်ထားသည်။
KFC ကို ရန်ကုန်ဈေးကွက်သို့တင်သွင်းရန် ချုပ်ဆိုထားသော Franchise မူပိုင်ခွင့်သည် မြန်မာနိုင်ငံ၏ တိုးတက် ကျယ်ပြန့် လာသော စားသောက်ကုန် လုပ်ငန်းကဏ္ဍတွင် အရေးပါသည့် လုပ်ငန်းတစ်ခုအဖြစ် နေရာယူနိုင်ရန် Yoma Strategic Holdings Ltd နှင့် လက်တွဲ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး အနီးတွင် ဖွင့်လှစ်ထားသော KFC စားသောက်ဆိုင်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)
ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး အနီးတွင် ဖွင့်လှစ်ထားသော KFC စားသောက်ဆိုင်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)
ကမ္ဘာ့ လူသိအများဆုံး တံဆိပ်တွေထဲမှ တစ်ခု အပါအဝင်ဖြစ်သော KFC လုပ်ငန်းသည် ရာစုနှစ်ဝက်ကျော်ခန့်က စားသောက်ဆိုင်ကို စတင် တည်ထောင်သူ Colonel Sanders ၏ ဟင်းခတ် အမွှေးအကြိုင် ၁၁ မျိုး အရောအစပ်နှင့် ၎င်း၏ Original Recipe အတိုင်း ပြုလုပ်ထားသော ကြက်ကြော်သည် နိုင်ငံတကာတွင် ကျော်ကြားသည်။ Yoma Strategic ကုမ္ပဏီမှ KFC ၏ အထူး ဖန်တီးထားသော Original Recipe ကြက်ကြော်နှင့် အခြားသော KFC ၏ အဓိက ထုတ်ကုန်များဖြစ်သည့် Hot & Crispy ကြက်ကြော်နှင့် Zinger Burger များကို မြန်မာနိုင်ငံတွင် မူလ အရသာအတိုင်း ရရှိ သုံးဆောင်နိုင်စေမည်ဟု ဆိုသည်။
KFC စားသောက် ဆိုင်တွင် ကြက်ကြော်အပြင် ဘာဂါ၊ အာလူးချောင်းကြော်၊ ကြက်ဥပူတင်း၊ ကော်ဖီ၊ ကိုကာကိုလာနှင့် ထမင်း ဖြူပါရရှိနိုင်ပြီး ဈေးနှုန်းများမှာ အနည်းဆုံး ကျပ် တစ်ထောင့်ငါးရာမှ ကျပ်နှစ်သောင်းအထိ ဖြစ်သည်။
KFC အနေဖြင့် လူမှုတာဝန် ယူမှုရှိသည့် စီးပွားရေးလုပ်ငန်း CSR အဖြစ် အစားအသောက် အရည်အသွေးကို ဂရုပြု စီစဉ်ထားပြီး KFC စတင်ဖွင့်လှစ်သည့် ရက်တွင် ပထမဆုံး ဝယ်ယူ စားသုံးသည့် လူဦးရေ တစ်ရာခန့် အား KFC အမှတ်တံဆိပ်ပါ ဦးထုပ်များ လက်ဆောင်ပေးခဲ့ပြီး တစ်ပတ်အတွင်း ဝယ်ယူ စားသုံးသည့် သူများအတွက် ကိုကာကိုလာ ကုမ္ပဏီက ကံစမ်းမဲ အစီအစဉ်များ ပြုလုပ်ပေးမည် ဖြစ်သည်။ (Xinhua)