Connect with us

Local

မြန်မာ့ စီးပွားရေး ကျဆင်းလာနိုင်သည် ဆိုခြင်းထက် တိုးတတ်မူနှုန်း လျော့ကျမည့် သဘောမျိုးသာဖြစ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာရန် အရေးကြီးဆုံး

မြန်မာ့ စက်မှုဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော ကုန်သေတ္တာတင် သင်္ဘောတစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

မြန်မာ့ စီးပွားရေး ကျဆင်းနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) ကိုယ်စားလှယ်အဖွဲ့၏ လေ့လာ သုံးသပ် ထုတ်ပြန်မူမှာ ဖွံဖြိုးစ နိုင်ငံများတွင် ကြုံတွေ့ရ စမြဲဖြစ်၍ သတိပေးခြင်းကဲ့သို့သာဖြစ်ပြီး အဓိက အရေးကြီးသည်မှာ နိုင်ငံခြား ရင်နှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာနိုင်ရန် ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင်များက သုံးသပ် ပြောဆိုသည်။

“သူတို့က လက်ရှိ ဖြစ်နေတဲ့ဟာတွေကို လေ့လာသွားတယ်။ ငွေကြေး ဖောင်းပွမှုတွေ ရှိနိုင်တယ်။ ဒေါ်လာဈေး မတည်ငြိမ်မှုတွေကို ကြုံသွားခဲ့ရတယ်။အဓိက ရင်းနှီးမြှုပ်နှံမှုက လက်တွေ့စာရင်း ပေးထားတဲ့သူတွေ လာဖို့ရယ် ၊ ငွေတွေ ဝင်လာဖို့လိုသေးတာပေါ့။ ထုတ်ကုန် ၊ သွင်းကုန်မှာ သွင်းကုန်က များနေတယ်ဆိုတော့ စတင်ဖွံ့ဖြိုးလာတဲ့ နိုင်ငံတွေမှာ ဒါမျိုးတွေကတော့ ကြုံရစမြဲပါ။ အခုချိန်မှာ နိုင်ငံရဲ့အခြေခံ အဆောက်အအုံတွေ တည်ဆောက်နိုင်ဖို့နိုင်ငံခြားက အားလုံး ဝယ်ယူရတဲ့ အတွက် လိုငွေတော့ ပြနေမှာပဲ။ လိုငွေက ကုန်သွယ်မှု ( Trade) မှာ ပြမယ်။ ဒီလိုသူတို့သုံးသပ်ခြင်းအားဖြင့် ကိုယ်တွေကလဲ ပစ်ပယ်လို့မရပါဘူး။ ကိုယ်ဘက်ကလဲ ပြင်စရာရှိတာတွေ ပြင်ရမယ်။ လျှော့သင့်တာတွေ လျှော့ရမယ်။ အကျိုးမရှိတာတွေ အကျိုးရှိအောင် လုပ်ရမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာချင်အောင် အခြားနိုင်ငံများကို တန်းတူ ဆွဲဆောင်ရမယ်။ ခွင့်ပြုထားတာတွေထက် တကယ်လက်တွေ့ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့လုပ်ရမယ်။ ခြုံကြည့်မယ်ဆိုရင် သူတို့ပြောတာ မှန်သင့်သလောက် မှန်တယ်။ ကိုယ့်ကို သတိပေးလိုက်သလို ဖြစ်တာပါ။ အရင်ကတောင် ဒီထက် ကျဆင်းခဲ့ပြီးပြီပဲ။ အဲဒီထက်တော့ အောက်မရောက် နိုင်တော့ဘူး”ဟု မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

နိုင်ငံ စီးပွားရေး ကျဆင်းသည်ဟု ပြောခြင်းထက် တိုးတတ်မှုနှုန်း လျော့ကျမယ်ဆိုသည့် သဘောမျိုးသာ ဖြစ်ပြီး စီးပွားရေး အနှုတ် လက္ခဏာ ပြမည့် သဘောမျိုး မဟုတ်ကြောင်း အဓိက အရေးကြီးသည်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်လာနိုင်ရန် ဥပဒေ ပိုင်းဆိုင်ရာများကို မြန်ဆန်စွာ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်း အကြံပေးအရာရှိ ဦးသန်းလွင်က ပြောသည်။

ပြည်တွင်း၌ လက်ရှိ ဖြစ်ပေါ်နေသော ငွေကြေး ဖောင်းပွမှုများကို ထိန်းကွပ်နိုင်ရန် တင်းကြပ်သည့် ငွေကြေးနှင့် ဘတ်ဂျတ်ဆိုင်ရာ မူဝါဒများကို လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) သည် (၂၀၁၅) ခုနှစ် Article IV အကြံပြု ဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံသို့လာရောက်ကာ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ထုတ်ပြန် ကြေညာခဲ့သည်။

ဒေါ်လာတန်ဖိုး အားကောင်းလာခြင်းနှင့် သဘာဝ ဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းလာခြင်း တို့ကြောင့် မြန်မာနိုင်ငံ၏ ဘတ်ဂျက်နှင့် ပြည်ပ ငွေပေးငွေယူ အနေအထားများကို ပိုမို အားလျှော့စေနိုင်ပြီး ချေးငွေများ အလျင်အမြန် တိုးပွားခြင်း ၊ ဘဏ္ဍာရေး လိုငွေ တိုးတိုးလာခြင်းနှင့် ကုန်သွယ်ရေး လိုငွေပြမှု များလာခြင်းတို့ သည် ပြည်ပ ငွေအပေးအယူနှင့် ဈေးနှုန်း တည်ငြိမ်မှုတို့အပေါ်တွင် အန္တရာယ် ရှိလာနိုင်သည်။ ယင်းအန္တရာယ် အလားအလာများသည် လက်ရှိ စွမ်းဆောင်ရည် အားနည်းမှုနှင့် မူဝါဒ ကြားခံများ ပါးလျ နေမူကြောင့် နိုင်ငံ၏ စီးပွားရေးအပေါ် ထိခိုက်လာ စေနိုင်သည်။ ပြည်တွင်း၌ ထုတ်ချေးငွေ တိုးပွားမှုကို ထိန်းကွပ်နိုင်ရန် တိကျသည့် ငွေကြေး မူဝါဒများကို ကိုင်တွယ် ဆောင်ရွက်ရာတွင် ဗဟိုဘဏ်သည် အပ်ငွေ လေလံများကို တိုးမြှင့်ခြင်းနှင့် ဘဏ်များ၏ အရန်ငွေ လိုအပ်ချက်ကို အမြန်ဆုံး အသစ် သတ်မှတ်ရန် လိုအပ်ကြောင်း (IMF) မှ အကြံပြု ထားသည်။

(၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေကို လျှော့ချသင့်ကာ အခွန်ကင်းလွတ်ခွင့်များ ၊ လျှော့ပေါ့မှုများကို အတတ်နိုင်ဆုံး လျှော့ချ၍ အခွန်ထမ်းဆောင်မှု အားကောင်း ခိုင်မာလာစေခြင်း ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများတွင် ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံခြင်းကို အလျှင်အမြန် အကောင်အထည်ဖော်ရန် လိုကြောင်း ၊ (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာရေး လိုငွေပြမူမှာ ဂျီဒီပီ၏ သုံးရာခိုင်နှုန်းသာ ရှိသော်လည်း တစ်ကြိမ်သာ ရနိုင်သည့် ဆက်သွယ်ရေး လိုင်စင်ငွေနှင့် သဘာဝ ဓာတ်ငွေ့ရောင်းရသည့် ဝင်ငွေများကို ဖယ်လိုက်ပါက ဘတ်ဂျတ် လိုငွေသည် ဂျီဒီပီ၏ (၅ .၅) ရာခိုင်နှုန်းအထိ ရှိလာမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)