Connect with us

Culture & Entertainment

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးမှုပြီးဆုံးရန် ရာခိုင်နှုန်းအနည်းငယ်သာကျန်တော့ကြောင်းဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် “အောင်ဆန်း” ရုပ်ရှင် စတင်ရိုက်ကူး သည့်အခမ်းအနားသို့တက်ရောက်စဉ် (ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံး)

 

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးမှု ပြီးဆုံးရန် ရာခိုင်နှုန်းအနည်းငယ်သာ ကျန်ရှိကြောင်းနှင့် COVID-19 ကာလ အတွင်း ရုပ်ရှင်နှင့် ပတ်သက်သည့် တည်းဖြတ်မှု အပါအဝင် အခြားလုပ်ငန်းစဉ်များအား ဆောင်ရွက်လျက် ရှိကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာသို့ ဇန်နဝါရီ ၉ ရက်တွင် ပြောသည်။

“ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ အထင်ကရ ဆောင်ရွက်မှုတွေထဲကမှ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးပြောကြားထားသလိုပဲ ရိုက်ကူးရေးတွေလည်း လုပ်နေပြီ။ COVID-19 ကာလဖြစ်လို့ ရိုက်လက်စတွေ လက်စသတ်ဖို့တော့ ကျန်သေးတယ်။ ရိုက်ကူးရေးမလုပ်ဖြစ်ပေမယ့် Editing အပိုင်းတွေအပါအဝင် လုပ်ငန်းဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ အပြီးသတ်လုပ်ဖို့ ရာခိုင်နှုန်း အနည်းငယ်ပဲ ကျန်တော့တယ်။ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေးမှာ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပါတယ်။ ပြီးတော့သက်ဆိုင်ကဏ္ဍအလိုက် ဝန်ကြီးဌာနတွေက သူ့အပိုင်းအလိုက် ရိုက်ကူးရေးတွေမှာ ကူညီဆောင်ရွက်ပေးပါတယ်။’’ ဟု ဦးအာကာကျော်က ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ဝင်ခန်းအား နတ်မောက်တွင်ရိုက်ကူးစဉ် (ဓာတ်ပုံ–MOI)၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ရှင်ကို ရိုက်ကူးရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တာဝန်ပေးအပ်ခဲ့ကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီကို ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေးအတွက် လုပ်ငန်းကို တစ်ကပြန်စခဲ့တယ်။ ဇာတ်ညွှန်းအားလုံး အသစ်ရေးခဲ့တယ်။ ဦးလူမင်းက ဒါရိုက်တာ၊ ဆရာပန်းချီဦးစိုးမိုးက ဝန်းရံပံ့ပိုးပေးတာကို လုပ်ပေးခဲ့ပါတယ်။ ရုပ်ရှင်တစ်ကားလုံးမှာ နိုင်ငံမှာရှိတဲ့ အကောင်းဆုံးပညာရှင်တွေကို အသုံးပြုထားပါတယ်။ ကျွန်တော်တို့လည်း ပြည်သူနဲ့ အတူကြည့်ချင်နေပါပြီ။’’ ဟု ၎င်းကဆက်ပြောသည်။

ဗိုလ်ချုပ်ရုပ်ရှင်ပြီးစီးသည့်အချိန်တွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြေညာမည်ဖြစ်ကြောင်းဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.