Connect with us

Asia

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ခရီးသည်တင်ရထား မီးလောင်မှုကြောင့် လူ ၆၅ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ရာဟင်မ်ယာခန်ခရိုင်တွင် မီးလောင်နေသည့် ရထားနှင့် ကယ်ဆယ်ရေးသမားများက မီးငြှိမ်းသတ်နေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ရာဟင်မ်ယာခန်ခရိုင်တွင် အောက်တိုဘာ ၃၁ ရက်၌ ခရီးသည်တင်ရထားတစ်စင်း မီးလောင်မှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၆၅ ဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူနှင့် ဒေသခံသတင်းများအရ သိရသည်။

ဒဏ်ရာရသူများအား ရာဟင်မ်ယာခန်ခရိုင်နှင့် ဘဟာဝါလ်ပူခရိုင်များရှိ ဆေးရုံသုံးရုံသို့ ပို့ဆောင်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာအား အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း 1122 နိုင်ငံပိုင် ကယ်ဆယ်ရေးလုပ်ငန်း၏ ခရိုင်အရေးပေါ်ဌာန အရာရှိ Baqir Hussain က ပြောခဲ့သည်။

ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာအကူများ အပါအဝင် စစ်တပ် တပ်ဖွဲ့ဝင်များလည်း ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများအတွက် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားခဲ့ကြောင်း၊ စစ်တပ် ရဟတ်ယာဉ်တစ်စင်းကလည်း အခြေအနေစိုးရိမ်ရသည့် ဒဏ်ရာရသူများကို ရွှေ့ပြောင်းပေးရန် အခင်းဖြစ်ပွားရာနေရာတဝိုက် ပျံသန်းလျက်ရှိကြောင်း စစ်တပ်၏ Inter-Services Public Relations က ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ မီးလောင်မှုမှာ ရထားပေါ်သို့ ခရီးသည်များတင်ဆောင်လာသည့် ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားစဉ် ခရီးသည်များမှာ နံနက် ဘုရားဝတ်ပြုပြီးနောက် ဆလင်ဒါအိုးပေါ်၌ နံနက်စာချက်ပြုတ်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ မီးရထားလုပ်ငန်း၊ ခရိုင် ညှိနိုင်းရေးမှူး နာဘီလာ အက်စ်လမ် (Nabila Aslam) က ဆင်ဟွာသို့ပြောသည်။

အက်စ်လမ်က ရထား၏ လူစီးတွဲတစ်ခုရှိ ဓာတ်ငွေ့အိုး ပေါက်ကွဲသွားခဲ့ခြင်းဖြစ်ပြီး မိနစ်ပိုင်းအတွင်း ချိတ်ဆက်နေသည့် အခြားလူစီးတွဲနှစ်တွဲအား မီးလောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ လူအချို့မှာမူ ရထားပေါ်မှ ခုန်ချကာ ဘေးလွတ်ရာသို့ ထွက်ပြေးရင်းဖြင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြကြောင်း၊ လူစီးတွဲတစ်ခုစီတွင် လူ ၇၆ ဦးခန့်လိုက်ပါလာခဲ့ကြောင်း၊ ခရီးသည်မည်မျှ ရထားပေါ်မှခုန်ချခဲ့သည်ကို သေချာမစိစစ်ရသေးကြောင်းနှင့် သေဆုံးသူအရေအတွက်မှာမူ မြင့်တက်လာမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ထို့ပြင် ၎င်းကဆက်၍ ဓာတ်ငွေ့ဆလင်ဒါအိုးများအား ရထားပေါ်သို့ ယူဆောင်ခွင့်မပြုထားကြောင်း၊ သို့သော် ခရီးသည်များက ၎င်းတို့၏အိတ်အတွင်း သိုဝှက်ကာယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ရထားလုံခြုံရေးအဖွဲ့အား လှည့်စားလုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.