Connect with us

Social, Education & Health

တရုတ် နိုင်ငံ ကျဲ့ကျန်းပြည်နယ် ယွီဟွမ်မြို့တွင် ဘရာဇီးနိုင်ငံ မှ တင်သွင်းသည့် အေးခဲဝက်ပေါင်သားတွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိ

တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက သံသယရှိသော ဝက်သားအား နမူနာယူနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟန်ကျိုး ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်အစိုးရ ပြန်ကြားရေးဌာန ၏ ဒီဇင်ဘာ ၂ ရက် ၂၁:၀၀ နာရီ ထုတ်ပြန်ကြေညာချက်အရ ကျဲ့ကျန်းပြည်နယ် ယွီဟွမ်မြို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာက ချိန်ကွမ်းဗဟိုဈေး အတွင်းရှိ ဝက်သားရောင်းချသော ဈေးဆိုင်များ၏ အေးခဲစားသောက်ကုန်များကို နေ့စဉ်စစ်ဆေးခဲ့ရာတွင် ဘရာဇီး နိုင်ငံ မှ တင်သွင်းလာသော အေးခဲဝက်ပေါင်သားတွင် COVID-19 ရောဂါပိုးတည်ရှိနေကြောင်း ကို တွေ့ရှိခဲ့ရကြောင်း ၊ ဒေသတွင်းတာဝန်ရှိသူများအနေဖြင့် ကုန်ပစ္စည်းထားရှိရာ သိုလှောင်ရုံကို လျင်မြန်စွာ ပိတ်ဆို့မှုပြုလုပ်ခဲ့ပြီး ဈေးအတွင်းရှိသူများကိုလည်း စစ်ဆေးမှုများပြုလုပ်၍ သီးသန့်ခွဲခြားနေထိုင်စေကာ အခင်းဖြစ်ပွားရာနေရာကို ပိုးသတ်ခြင်းလုပ်ငန်းများ အရေးပေါ်ဆောင်ရွက်ခဲ့ကြောင်း ၊ ထို့ပြင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ညတွင်းချင်း ဈေးပတ်ဝန်းကျင်နှင့် ဈေးနှင့်သက်ဆိုင်သောလုပ်ငန်းဆောင်ရွက်သူများကို COVID-19 ရောဂါ စစ်ဆေးမှု နှင့် ပိုးသတ်မှုလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြပြီး တစ်ချိန်တည်းတွင် ကူးစက်ရောဂါပညာဆိုင်ရာ စစ်ဆေးမှုများနှင့် ရောဂါခြေရာခံလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

လက်ရှိချိန်တွင် အနီးကပ် ထိစပ်မှုရှိသူ ၅၅ ဦးကို သီးသန့်ခွဲခြားထားရှိထားပြီး လည်ချောင်းမှ swab ယူ၍ nucleic acid စမ်းသပ်မှုပြုလုပ်ထားကြောင်း ၊ စမ်းသပ်စစ်ဆေးမှုအရ စစ်ဆေးခံရသူအားလုံးမှာ ရောဂါကူးစက်ခံထားရခြင်းမရှိဘဲ ချိန်ကွမ်းဗဟိုဈေးပတ်ဝန်းကျင်တွင် အဓိကကျသော စားသောက်ကုန် နမူနာ ၃၀ ခု အား nucleic acid စမ်းသပ်မှု ပြုလုပ်ခဲ့ရာတွင် ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း ၊ ချိန်ကွမ်းဗဟိုဈေး ကိုလည်း ဘက်စုံ ပိုးသတ်မှုများဆောင်ရွက်ခဲ့ပြီး ရောဂါပိုးတွေ့ရှိခဲ့သည့်ဈေးဆိုင် နှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ပိုးသတ်ခြင်း ၊ ပိတ်ဆို့တားဆီးခြင်း နှင့် ရောဂါပိုးတွေ့ရှိခဲ့သည့် ကုန်ပစ္စည်းထားရှိရာနေရာကိုလည်း ပိုးသတ်မှုများ အသေအချာဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျဲ့ကျန်း အအေးခန်း ကွင်းဆက် စနစ် နောက်ကြောင်းခံ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် ရောဂါပိုး တည်ရှိနေသော အေးခဲဝက်သားများ သည် ဘရာဇီး နိုင်ငံ မှ တင်သွင်းထားသည့် အရိုးမပါသောဝက်သား ဖြစ်ကြောင်း ၊ ယင်းဝက်သားများသည် ရှန်ဟိုင်း ရန်ဆန်းဆိပ်ကမ်း မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၈ ရက်တွင် တရုတ်နိုင်ငံ အတွင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ယင်း ကုန်ပစ္စည်း အား အခြေခံဖြန့်ဝေခဲ့သည့် အခြေအနေကို နောက်ကြောင်းခံ အချက်အလက်များ သိရှိထားခဲ့ပြီး အဆိုပါ ကုန်ပစ္စည်း ဖြတ်သန်းခဲ့သည့် ကျောင်းကျန်း ၊ ဟွမ်ရန် နှင့် လင်ဟိုင် စသည့်ဒေသများရှိ ကုန်ပစ္စည်းနှင့် ထိတွေ့မှု ရှိခဲ့သောသူများကို နောက်ကြောင်းခံစုံစမ်းစစ်ဆေးမှုများ ၊ နေရာချထားမှုများ ကို ဆောင်ရွက်ထားလျက်ရှိပြီး သက်ဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တပြေးညီ ပြည်သူလူထုတို့အား ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

#COVID-19 #Brazil #Market #Frozenpork #ကျဲ့ကျန်း #ဘရာဇီး #ရောဂါပိုး