Connect with us

Social, Education & Health

တရုတ်နိုင်ငံက COVID-19 ထိန်းချုပ်နိုင်ရန် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိ ဟုဆို

အမေရိကန်နိုင်ငံ အိုရီဂွန်ပြည်နယ်တွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်မှ လှူဒါန်းထားသော နှာခေါင်းစည်းများ ထည့်ထားသည့် သေတ္တာများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန်
တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချွမ်းရင်က ဒီဇင်ဘာ ၂ ရက် တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါများ အင်စတီကျူ့ ညွှန်ကြားရေးမှူး Anthony Fauci က ကမ္ဘာ့ကပ်ရောဂါသည် အန္တရာယ်များပြီး အေးစက်သောဆောင်းရာသီနှင့် ရင်ဆိုင်ရနိုင်ပြီး ယခုနှစ်ကုန်တွင် အမေရိကန်၌ COVID-19 ကြောင့် သေဆုံးသူအရေအတွက်မှာ ၃၀၀,၀၀၀ အထိ မြင့်တက်နိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

အမေရိကန်ပြည်သူများအား စာနာကြောင်း ဟွာက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် တတ်စွမ်းနိုင်သလောက် ထောက်ပံ့ကူညီမှုများလုပ်ဆောင်ရန်၊ မက်ခရိုစီးပွားရေးမူဝါဒ ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေရန်၊ အလုပ်အကိုင်နှင့် ကုန်ထုတ်လုပ်မှုများ ပြန်လည်စတင်ရေး လွယ်ကူချောမွေ့မှုရှိစေရန်နှင့် ကမ္ဘာ့စီးပွားရေးပြန်လည် အားပြည့်လာစေရန် ကူညီမှုများ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ပြည်တွင်းတွင် COVID-19 ကို ထိရောက်စွာ ထိန်းချုပ်ထားရင်းဖြင့် တရုတ်နိုင်ငံသည် ကပ်ရောဂါတိုက်ဖျက်ရေးတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ တက်ကြွစွာ ရှေ့ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၅၀ ကျော်ထံ အကူအညီများ ထောက်ပံ့ခဲ့ကြောင်းနှင့် ကမ္ဘာတစ်ဝန်း ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ထုတ်လုပ်ခြင်းကွင်းစက်ကို ထိန်းသိမ်းလျက်ရှိကြောင်း Huaက ပြောဆိုခဲ့သည်။ ယခုလို အားထုတ်လုပ်ဆောင်မှုများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏သမိုင်းတွင် အကြီးမားဆုံးသော ကမ္ဘာ့လူသားချင်းဆိုင်ရာ ထောက်ပံ့ကူညီမှုလည်းဖြစ်ကြောင်း ဟွာက ဆိုသည်။

တရုတ်နိုင်ငံသည် နိုဝင်ဘာ ၂၂ ရက်အထိ အမေရိကန်နိုင်ငံသို့ နှာခေါင်းစည်း အခုရေ ၃၉.၄၃ ဘီလီယံ၊ ခွဲစိတ်ခန်းသုံးလက်အိတ်အစုံ သန်း ၈၀၀ ၊ အကာအကွယ်ဝတ်စုံ သန်း ၆၅၀ နှင့် ရေကာလေကာမျက်မှန် အခုရေ ၄၆.၇၆ သန်း တင်ပို့ခဲ့ကြောင်း ဟွာက ပြောခဲ့သည်။

တရုတ်နိုင်ငံ ထိပ်တန်းဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများသည် အမေရိကန်နိုင်ငံမှ ကျွမ်းကျင်သူများနှင့်အတူ COVID-19 ကုသရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အတွေ့အကြုံများ မျှဝေခဲ့ပြီး ကာကွယ်ဆေးနှင့် ဆေးဝါးများ သုတေသနနှင့် ဖော်ထုတ်မှုဆိုင်ရာ ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားလျက်ရှိကြောင်း ၎င်းက ဆိုသည်။

“လူသားမျိုးနွယ်ဟာ အေးအတူ၊ ပူအမျှ အသိုက်အဝန်းတစ်ခုဆိုတဲ့ ထူးခြားတဲ့နည်းလမ်းတစ်ခုကို COVID-19 က သတိပေးချက် ထုတ်လိုက်တာပါပဲ။ ဘယ် နိုင်ငံတစ်ခုတည်းကမှ အဓိကအကျပ်အတည်းတွေကနေ ရှောင်လွှဲနိုင်မှာမဟုတ်ဘဲ စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုသည်သာ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ပါတယ်” ဟု ဟွာက ပြောခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရေးနှင့် အနာဂတ်တွင် ထွက်ပေါ်လာနိုင်သော အလားတူအကျပ်အတည်းများအတွက် ပိုမိုကောင်းမွန်သောဖြေရှင်းရန်အတွက် ကမ္ဘာ့ကျန်းမာရေး စီမံခန့်ခွဲမှု တိုးတက်စေရန် ထောက်ပံ့ကူညီမှုများလုပ်ဆောင်ရန်လည်း ဟွာက အကြံပြုခဲ့သည်။

“ကမ္ဘာ့နိုင်ငံများ လက်ချင်းတွဲပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နေသမျှကာလပတ်လုံး ကပ်ရောဂါတိုက်ဖျက်ရေး နောက်ဆုံးအောင်ပွဲကို တွေ့မြင်ကြရမည်မှာ မလွဲဧကန်ပါပဲ” ဟု ၎င်းက ပြောခဲ့သည်။ (Xinhua)