Connect with us

Culture & Entertainment

မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့အား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကို  အသိအမှတ်ပြု စာရင်းတင်သွင်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိ

မြန်မာ့သနပ်ခါးတုံးများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) 

မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့အား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကုလသမဂ္ဂပညာရေးသိပ္ပံ နှင့်ယဉ်ကျေးမှုအဖွဲ (UNESCO)  အသိအမှတ်ပြု စာရင်းတင်သွင်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးဦးအာကာကျော်က ဆင်ဟွာ ကို ဖေဖော်ဝါရီ လ ၂၁ ရက်တွင် ပြောသည်။

ဦးအာကာကျော်က “ယဉ်ကျေးမှု အမွေအနှစ်မှာ နှစ်မျိုးနှစ်စား ရှိတယ်။ မျက်စိနဲ့ မြင်တွေ့နိုင်တဲ့ ထုထည်ကြီးမားတဲ့ ဒြပ်ရှိ ရှေးဟောင်းပစ္စည်းတွေ၊ ရုပ်ဝတ္ထုတွေ ရှိတယ်။ အဲ့လိုမျိုးပဲ ဒြပ်မဲ့ ဆိုတာ ကအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာတဲ့ လက်ဆင့်ကမ်းလာတဲ့ ဓလေ့ပေါ့ အဲ့ဒါကတော့ ဒြပ်မဲ့ ပေါ့။ ဥပမာ ပုသိမ်ထီးဆိုတာ ကလည်း လက်ဆင့်ကမ်းလာတဲ့ အရာမျိုးပဲ။ ဒီလိုပဲ သနပ်ခါးဆိုတာ ကလည်း မွေးကတည်းက သက်ကြီးရွယ်အိုဖြစ်တဲ့ အထိ လိမ်းကြတဲ့ မြန်မာတွေရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ သနပ်ခါး ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်သွင်းဖို့ ဆောင်ရွက်ရတာပါ’’ ဟုပြောသည်။

နိုင်ငံတစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များသည် ယင်းနိုင်ငံ၏ ပုံရိပ်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင်ဒြပ်မဲ့ယဉ်ကျေးမှုများစွာရှိကြောင်း၊ သို့သော် မြန်မာနိုင်ငံ တွင် ဒြပ်မဲ့ယဉ်ကျေးမှု အဖြစ်ယူနက်စကို(UNESCO) စာရင်းဝင် ခြင်းလက်ရှိတွင် မရှိသေးကြောင်း ၎င်းကဆိုသည်။ “ဒါကြောင့်အထင်ရှားဆုံးနဲ့ အသိသာဆုံးမြန်မာ့သနပ်ခါးကို အရင်ဆုံးဒြပ်မဲ့ စာရင်းဝင်ဖြစ်အောင် လုပ်မှာပေါ့။အဲ့ဒါကြောင့်လုပ်ရတာပါ။ လက်ရှိမှာမြန်မာ့သနပ်ခါး နဲ့ ပတ်သက်ပြီး  စစ်တမ်းကောက်တဲ့ အနေအထားကိုရောက်နေပါပြီ’’ ဟု ဦးအာကာကျော်က ပြောသည်။

UNESCO ၏ ကမ္ဘာ့ဒြပ်မဲ့ အမွေအနှစ်စာရင်းကို ကြည့်ပါက ကမ္ဘာ့နိုင်ငံ ၁၂၇ နိုင်ငံ၏ ကိုယ်စားပြုဒြပ်မဲ့ အမွေအနှစ်စာရင်းသည် ၅၄၉ခုရှိကြောင်း သိရသည်။နိုင်ငံတိုင်းမှာ အစားအစာတွေရှိတယ်။ ရိုးရာယဉ်ကျေးမှုတွေ ရှိတယ်။ ကိုယ့်နိုင်ငံက ယဉ်ကျေးမှု အမွေ အနှစ် ဘယ်လောက်ရှိတယ် ဆိုတာ ပြဖို့ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် တွေ ယူနက်စကိုစာရင်းဝင်ဖို့ ဆက်လက်ကြိုးစားသွားဖို့ ရှိပါတယ်’’ ဟု ဦးအာကာကျော်ကပြောသည်။ (Xinhua)