Connect with us

Culture & Entertainment

တူးဖော်ရရှိသော မြန်မာသံခေတ် လူမှုအဖွဲ့ဆိုင်ရာ ရုပ်ကြွင်း ၈ခုနှင့် အသုံးအဆောင်ပစ္စည်းများကို  အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ပြသမည်

တူးဖော်ရရှိခဲ့သော မြန်မာသံခေတ် လူမှုအဖွဲ့ဆိုင်ရာ ရုပ်ကြွင်း ၈ခုအားတွေ့ရစဉ် (ဓာတ်ပုံ- ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးနွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာ အုပ်စု၊ ကြီးကြီးကျေးရွာ၊ မိုင်တိုင် ၃၃၀ အနီး၌ (ကြေးခေတ်၊ သံခေတ်) သုတေသနပြု ဆောင်ရွက်ရာတွင် တူးဖော်ရရှိသော မြန်မာသံခေတ် လူမှုအဖွဲ့ဆိုင်ရာရုပ်ကြွင်း ၈ခုနှင့် အသုံးအဆောင်ပစ္စည်းများကို နောင်တွင် အများပြည်သူအား ပြနိုင်ရန်ဆောင်ရွက်မညဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ တူးဖော်၊ ရှေးပစ္စည်း၊ကမ္ဗည်း ကျောက်စာဌာနစုမှ လက်ထောက် ညွှန်ကြားရေးမှူးဦးလှရွှေက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

“ပထမ အပေါ်ယံတွေ့ရှိချက်အရနှစ်ပေါင်း ၂၀၀၀ကျော်က  ကြေးခတ်၊သံခေတ် သက်တမ်းရှိပစ္စည်းတွေရှိတယ်လို့ သိရပြီး ဆက်လက် တူးဖော်ခဲ့တယ်၊ အဲခတ်က အသုံးပြုဆောင်ရွက်ခဲ့တဲ့မြေအိုး၊ မြေပန်းကန်၊ သံလက်နက်အပိုင်းအစတွေ တူးဖော်နိုင်ခဲ့တယ်၊ နောင်မှာ ကျွန်တော်တို့အများပြည်သူကို ပြသနိုင်အောင် ဆောင်ရွက်သွားမယ်” ဟု လက်ထောက် ညွှန်ကြားရေးမှူးဦးလှရွှေက ဆိုသည်။

တူးဖော်သုတေသနပြုပြီးသောအရိုးစုရုပ်ကြွင်းများနှင့်အတူ မြေအိုး မြေခွက်များ၊ အသုံး အဆောင်ပစ္စည်းများကို အများပြည်သူကြည့်ရှု လေ့လာ နိုင်ရန်အတွက် Site Museum အဖြစ် ပြသရန် ရည်ရွယ်ခဲ့ကြောင်း၊ ရုပ်ကြွင်းများမှာအပေါ်မြေလွှာ၏ ဖိအား ကြောင့် အရိုးများကွဲအက်နေခြင်း၊ တူးဖော်မှု Site ၏ တောင်ဘက်နှင့်အရှေ့ဘက်တွင် ချိုင့်ဝှမ်းနှင့် ရေဝပ်ဧရိယာများ ရှိနေခြင်း၊ ကျေးရွာနှင့် အလှမ်းဝေးသောနေရာတွင်တည်ရှိနေခြင်း ကြောင့် တွေ့ရှိရသော ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားများအား စနစ်တကျ အသေးစိတ် မှတ်တမ်းတင်ခြင်း၊ ပုံဆွဲခြင်းများပြုလုပ်ပြီး ရုပ်ကြွင်းများ အပေါ်တွင် ပလစ်စတစ်ဖုံးအုပ်၍မြေပြန်ဖို့ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ တူးဖော်သုတေသနပြုလုပ်ငန်း၏အကျိုးရလဒ်အနေဖြင့် လူအရိုးစု ရုပ်ကြွင်း များ၊ ကြေးထည်ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊မြေထည် ပစ္စည်းများ၊ ယောက်သွားခွံများ၊ ပုတီးစေ့များ၊ ကျောက်အရိုးပုတီးစေ့ များနှင့်အရိုးလက်ကောက်တစ်စုံတို့ကို တွေ့ရှိခဲ့ရသဖြင့် အဆိုပါဒေသ သည် သံခေတ် ယဉ်ကျေးမှု ထွန်းကားခဲ့သောဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

ကြေးခေတ်/သံခေတ်တူးဖော်သုတေသနပြုခြင်းလုပ်ငန်းများကို ၂၀၁၉ နိုဝင်ဘာ ၁၉ ရက်မှ ၂၀၂၀ ဇန်နဝါရီ ၅ ရက်နေ့အထိဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အရိုးစုရုပ်ကြွင်းများမှာစမုံမြစ်ဝှမ်း ပတ်ဝန်းကျင်တွင် တူးဖော်သုတေသနပြုခဲ့သော ကြေးခေတ်/ သံခေတ်ကာလ လူရုပ်ကြွင်းအရိုးစု များ၏ မြုပ်နှံမှုများနှင့် ဆင်တူပါကြောင်း၊ သင်္ဂြိုလ်မြုပ်နှံမှုဆိုင်ရာ အထောက်အထား တွေ့ရှိချက် များအရ ထိုခေတ်လူသားတို့၏ လူနေမှုအဆင့် အတန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊လက်မှုလုပ်ငန်း ကျွမ်းကျင်မှု၊ ကြေး/သံ သတ္တုပစ္စည်းများကို အသုံးချနိုင်မှုစသည့် လူမှုဘဝကိုမှတ်တမ်းတင် လေ့လာသုံးသပ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.