Connect with us

Culture & Entertainment

ဆလုံလူမျိုးဦးရေ ၁,၇၀၀ ကျော်ခန့် ကျန်ရှိ၊ လူဦးရေလျှော့နည်းလာ 

ဆလုံလူမျိုးတို့ နေထိုင်သည့်နေရာတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင်အတွင်း လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်ခန့် က ဆလုံလူမျိုး လူဦးရေ ၆,၀၀၀ ကျော်ခန့်ရှိသော်လည်း  ယခုအချိန် တွင် ဆလုံလူမျိုးဦးရေ ၁,၇၀၀ ကျော်ခန့် သာ ကျန်ရှိတော့ကြောင်း၊ လူဦးရေလျှော့နည်းလာခဲ့ကြောင်း  တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနထံမှ သိရသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက “လူဦးရေ လျှော့နည်းလာတာက သူတို့ဒေသမှာ လာနေကြတဲ့ လူတွေ နဲ့ အိမ်ထောင်ကျတာတွေရှိတယ်။ သွေးနှောတွေ ဖြစ်သွားတာများပါတယ်။ ပြီးတော့ ခေတ်တွေပိုမီလာကြတယ်။ ဆလုံလူမျိုးတွေ ဆိုရင် နဂိုက လှေပေါ်မှာနေတာကနေ အခု ဆို ကျွန်းပေါ်မှာနေတဲ့ ပုံစံမျိုးတွေလည်း ဖြစ်လာတယ်။ဒီလိုအချက်တွေက  ကလူဦးရေနည်းလာရတဲ့ အဓိက အချက်တစ်ချို့လို့ထင်ပါတယ်’’ ဟု ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဆလုံလူမျိုးအပါအဝင် လူနည်းသည့် တိုင်းရင်းသားလူမျိုးများအား ကာကွယ်ရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဆလုံလူမျိုးများသည် ဒုံပုလဲအော်၊ ဒုံညောင်မှိုင်း၊ ညောင်ဝိ၊ မကြုံကလက်၊ လန်းပိ၊ ဇဒတ်ကြီး၊ ဂျလန်း၊ လင်းလွန်းကျွန်း (ဆလုံအမည် ပရောဝါး)၊ ကံမော်ကြီးနှင့် လငန်း စသည့် ကျွန်း ၁၀ ကျွန်းတွင် အများဆုံးနေထိုင်၍ ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင် စားသောက်ကြကြောင်း သိရသည်။

ထို့ပြင်စာပေထိန်းသိမ်းရန်အတွက် လွန်ခဲ့သည့်  ၁လခန့်တွင်  ပညာရေးဝန်ကြီးဌာနက ဆလုံတိုင်းရင်းသားစာပေသင်ကြားမှုနှင့် ပတ်သက်ပြီး ကျောင်းသုံးစာအုပ်ကို အသိအမှတ်ပြုပေးခဲ့ကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် နေ့စဉ်လူနေမှုဘဝအတွက်  တိုင်းဒေသကြီးအစိုးရ နှင့်  ညှိနှိုင်း၍ ထောက်ပံ့မှုများဆောင်ရွက်လျက်ရှိကြောင်း ဦးမင်းအေးကိုက ဆိုသည်။

“ကျွန်တော်တို့ ဌာနအနေနဲ့ တစ်ခြားလူနည်းစုတိုင်းရင်းသားတွေဖြစ်တဲ့ ထနော့လူမျိုး တွေ ကို သူတို့ရဲ့ နေ့စဉ်ဆောင်ရွက်ပြောဆိုမှုတွေ ကို မှတ်တမ်းတင်တာတွေလည်း ဆောင်ရွက်နေပါတယ်။ အဲဒီလိုပဲ ယင်းသလဲလူမျိုး၊ ကဒူးကနန်းလူမျိုး တို့ ရဲ့ ယဉ်ကျေးမှုဓလေ့၊ ဘာသာစကားတွေ ကိုလည်းမှတ်တမ်းတွေ ဆောင်ရွက်နေတာ ရှိပါတယ်။ တစ်ခြားလူနည်းစုလူမျိုးလေး တွေ အတွက် ဆက်လက်ပြီးဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။’’ ဟုပြောသည်။ တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန တွင်  ပြခန်းပြသထားကြောင်း၊ တိုင်းရင်းသားကျေးရွာ(ရန်ကုန်) တွင် တိုင်းရင်းသားလူမျိုးတို့ ၏  လူနေမှုဘဝနှင့် ပတ်သက်၍ ပြခန်းပြသရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.