Sport
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ Uganda International Series 2020 ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပ သည့် International Series ပြိုင်ပွဲဖြစ်သော Uganda International Series 2020 ပြိုင်ပွဲ တွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ချန်ပီယံဆုကို ကာကွယ်ပြီး နှစ်နှစ်ဆက် ပထမဆုရယူနိုင်ခဲ့ကာ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်အထိ ကျင်းပမည့် Kenya International Future Series 2020 ပြိုင် ပွဲ ကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဆင့် ၆၁ ရှိပြီး၊ World Tour အဆင့် (အမျိုးသမီးတစ်ဦးချင်း) တွင် ကမ္ဘာ့အဆင့် ၄၇ ရရှိထားသည်။ဖိုင်နယ်ပြိုင်ပွဲတွင် အိန္ဒိယ ကစားသမား AAKARSHI KASHYAP ကို Game 1 တွင် ၂၁-၁၄ မှတ်၊ Game 2 တွင် ၁၆-၂၁ မှတ်၊ Game 3 တွင် ၂၁-၁၈ မှတ် ဖြင့် သက်ထားသူဇာက ၂ ပွဲအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဖိုင်နယ် ပွဲစဉ် တွင် သက်ထားသူဇာ ၏ ရမှတ် အားတွေ့ရစဉ် (ဓာတ်ပုံ– Uganda International Series 2020 )
သက်ထားသူဇာ ၏ ကမ္ဘာ့ ကြက်တောင်အဆင့် ထုတ်ပြန်ထားမှု အားတွေ့ရစဉ် (ဓာတ်ပုံ– Uganda International Series 2020 )
ပြိုင်ပွဲ ကျင်းပသည့်ပုံစံအရ သက်ထားသူဇာသည် ဖေဖော်ဝါရီ ၂၁ ရက်က ပထမအဆင့်နှင့် ဒုတိယအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ရပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် ကွာတားဖိုင်နယ်ပွဲ ထပ်မံကစားရခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပထမအဆင့်တွင် မော်လ်ဒိုက်ကစားသမား နာဘာဟာနှင့် တွေ့ဆုံခဲ့ပြီး ၂၁-၁၅ မှတ်၊ ၂၁-၉ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဒုတိယအဆင့်တွင်မူ အီရန်ကစားသမား ဆိုရာယာကို ၂၁-၁၉ မှတ်၊ ၂၃-၂၁ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရခဲ့သည်။ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပခဲ့ရာ သက်ထားသူဇာသည် ဆီမီးဖိုင်နယ်တွင် မောရစ်သျှကစားသမား ကိတ်ဖိုကို အနိုင်ရရှိပြီး၊ ဖိုင်နယ်ပြိုင်ပွဲတွင် အိန္ဒိယ ကစားသမား AAKARSHI KASHYAP ကို အနိုင်ရရှိပြီး ချန်ပီယံဆု ကို ရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)