Connect with us

Europe

ဘာလင်မြို့ ခရစ်စမတ်ဈေးရောင်းပွဲတော်အတွင်းသို့ ကုန်တင်ကားဖြင့် ဝင်တိုက်မှုကြောင့် ၁၂ဦးသေ၊ ၄၈ဦး ဒဏ်ရာရရှိ

ကုန်တင်ကားဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် Kaiser Wilhelm ဘုရားကျောင်းအနီးသို့ ရောက်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များ နှင့် လူနာတင်ယာဉ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဒီဇင်ဘာ ၂၀ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ဒီဇင်ဘာ ၁၉ရက် ညက ခရစ်စမတ်ဈေးရောင်းပွဲတော်အတွင်းရှိ ဈေးဝယ်သူများ အား ကုန်တင်ကားဖြင့် ဝင်တိုက်ခဲ့မှုကြောင့် လူ၁၂ဦးသေဆုံးပြီး အခြားလူ ၄၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘာလင်ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ကုန်တင်ကားသည် ဘာလင်မြို့အတွင်း Kaiser Wilhelm အောက်မေ့ဖွယ် ဘုရားရှိခိုးကျောင်း အနီးရှိ အဓိက ပြည်သူ့ရင်ပြင်တစ်ခုဖြစ်သည့် Breitscheidplatz ၏ဘေးလမ်းအတိုင်းမောင်းနှင်လာကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မျက်မြင်တွေ့ရှိခဲ့သူများ၏ပြောကြားချက်အရ ခရစ်စမတ်ဈေးပွဲတော်အတွင်း လူအုပ်ရှိရာသို့ ကုန်တင်ကားသည် ရုတ်တရက်လမ်းကြောင်းပြောင်းပြီးဝင်ရောက်လာမှုကြောင့် ဈေးဝယ်သူများ ထိတ်လန့်တကြားဖြင့် ပြေးလွှားကာ ပုန်းခိုစရာနေရာများ ရှာဖွေခဲ့ကြကြောင်းသိရသည်။

ရဲတပ်ဖွဲ့က ကုန်တင်ကားပေါ်တွင်လိုက်ပါလာသော ခရီးသည်မှာ အခင်းဖြစ်ပွားရာ၌ပင်သေဆုံးခဲ့ကြောင်း၊ အခင်းဖြစ်ပွားပြီးနောက် Breitscheidplatz ရင်ပြင်အနီးတွင် သံသယရှိဖွယ် လူတစ်ဦးအား ဖမ်းမိခဲ့ကြောင်း နှင့် ၎င်းအား ကုန်တင်ကား မောင်းသူဟုတ်၊မဟုတ် စစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

ကုန်တင်ကားဖြင့်တိုက်ခိုက်ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းအား မသိရှိသေးကြောင်း နှင့် ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုများ နောက်ထပ်ဖြစ်ပေါ်လာနိုင်ခြေရှိ၊မရှိ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့က Kaiser Wilhelm အောက်မေ့ဖွယ် ဘုရားရှိခိုးကျောင်း အနီးရှိဧရိယာအား ဖြတ်သန်းသွားလာခြင်း တားမြစ်ခဲ့ပြီး အဆိုပါ ဧရိယာ ၌ ရဲကားများ နှင့် လူနာတင်ယာဉ်များစွာရှိနေကြောင်း ဆင်ဟွာ သတင်းထောက်တစ်ဦးက အခင်းဖြစ်ပွားရာနေရာမှ သတင်းပေးပို့ခဲ့သည်။

ရဲတပ်ဖွဲ့က ဘာလင်မြို့သူမြို့သားများ နေအိမ်အတွင်း၌သာနေထိုင်ရန် နှင့် ကောလဟလများ မဖြန့်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ် ၏ပြောရေးဆိုခွင့်ရှိသူ Steffen Seibert က သေဆုံးသွားသူများအတွက် ဝမ်းနည်းပါကြောင်း နှင့် ဒဏ်ရာရရှိသူများကိုလည်း အကူအညီများပေးနိုင်ရန် မျှော်လင့်ပါကြောင်း ဒီဇင်ဘာ ၁၉ရက် ညက တွစ်တာစာမျက်နှာ၌ရေးသားခဲ့သည်။

၂၀၁၆ခုနှစ် နွေရာသီအတွင်း ဂျာမနီနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရွှေ့ပြောင်းဒုက္ခသည်များ ဝင်ရောက်လာမှုနှင့် ပတ်သက်၍ နိုင်ငံလုံခြုံရေး အပေါ်စိုးရိမ်မှုများမြင့်တက်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.