Connect with us

Politics

 ရွှေကုက္ကို မြို့သစ်စီမံကိန်းအား  မြန်မာနိုင်ငံမှ  တရားဥပဒေနှင့်အညီကိုင်တွယ်ဖြေရှင်းမှုအပေါ် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ပြောကြား

ဆင်ဟွာသတင်းဌာန၏ အမှတ်တံဆိပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ)

ရွှေကုက္ကို မြို့သစ်စီမံကိန်းအား  မြန်မာနိုင်ငံမှ  တရားဥပဒေနှင့်အညီကိုင်တွယ်ဖြေရှင်းရန် လုပ်ဆောင်မှု အပေါ် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း  မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး Wechat: gh_cb140e4916d6တွင် ဩဂုတ် ၂၅ ရက်က ထုတ်ပြန် ရေးသား ဖော်ပြထားသည်။  

ယင်းထုတ်ပြန်ချက်တွင် ယခုကာလများအတွင်း မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကို မြို့သစ်စီမံကိန်းနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများက ဖော်ပြကြသည်မှာ ယင်းစီမံကိန်းသည် လောင်းကစားစသည့် ပြဿနာများစွာ ရှိရာ  လူမှုအသိုက်အဝန်းအတွက် ဆိုးကျိုးသက်ရောက်စေကြောင်း သိရသည်။

သတင်းမီဒီယာများနှင့် ယင်းစီမံကိန်းရင်းနှီးမြှုပ်နှံမှုအပေါ် အာရုံစိုက်သူများက  ရွှေကုက္ကို မြို့သစ်စီမံကိန်းသည် တရုတ်နိုင်ငံ ရပ်ဝန်းနှင့်ပိုးလမ်းမနှင့်သက်ဆိုင်ကြောင်း ရေးသားပြောဆိုဖော်ပြနေကြသည့်အတွက် အားလုံး၏ အာရုံစိုက်စရာ  ကိစ္စရပ်တစ်ခု ဖြစ်ခဲ့ရသည်။

တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရအနေဖြင့် ယင်းနှင့်ဆက်စပ်သော ကိစ္စရပ်များအား အထူးအလေးထားရာ ဆွေးနွေးမှုများမပြတ်ပြုလုပ်ခဲ့ပြီး  ထိုသို့ဆွေးနွေးမှုအပေါ် အခြေပြု၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါကြေညာချက်တွင် ရွှေကုက္ကို ရထိုက် မြို့သစ် စီမံကိန်း သည် တတိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်ရာ ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် စီမံကိန်းများနှင့်လုံးဝ သက်ဆိုင်မှုမရှိကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ အနေဖြင့် ယင်းကိစ္စရပ်အပေါ် တူညီသည့် သဘောထားအမြင်ရှိကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် လောင်းကစားလုပ်ခြင်းအပေါ် ဆန့်ကျင်သော တသမတ်တည်း တိကျသည့် ရပ်တည်ချက်ရှိရာ ဒေသတွင်းလောင်းကစားရုံများတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု စီးပွားလုပ်ခွင့်မပြုသလို ယင်းလောင်းကစားရုံများသို့လည်း တရုတ်နိုင်ငံသားများ သွားရောက်ရန် ခွင့်မပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ တရားမဝင်လောင်းကစားလုပ်ခြင်း ၊ ဖုန်းဖြင့်သော်လည်းကောင်း အွန်လိုင်းမှတစ်ဆင့်သော်လည်းကောင်း ဆက်သွယ်ရေးလိမ်ညာမှုများကို အားသွန် ခွန်စိုက် တိုက်ဖျက်လျက်ရှိပြီး နှစ်နိုင်ငံ လူမှုအသိုက်အဝန်းလုံခြုံရေးနှင့် ပြည်သူများ၏အသက်အိုးအိမ်လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းလျက်ရှိကြောင်း ၊  မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း အထူးအဖွဲ့ဖွဲ့ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွှေကုက္ကို ရထိုက် မြို့သစ် စီမံကိန်းအား စုံစမ်းစစ်ဆေးကိုင်တွယ်ဖြေရှင်းမည်ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ယင်းဆောင်ရွက်ချက်အပေါ် ထောက်ခံအားပေးကြောင်း သံရုံးကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။ (Xinhua)