Connect with us

North America

အကြမ်းဖက်သမား၏ iPhone အတွင်းမှ အချက်အလက်များ ဝင်ရောက်ရှာဖွေရာတွင် ကူညီရန် တရားသူကြီး၏ အမိန့် Apple ငြင်းဆို

Apple စီအီးအို တင်မိုသီကွတ် အားတွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စ္စကို၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အကြမ်းဖက်သမား တစ်ဦး၏ Apple လက်ကိုင်ဖုန်းအတွင်းရှိ အချက်အလက်များအား ဝင်ရောက်ရှာ ဖွေရာတွင် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့(Federal Bureau of Investigation= FBI) အား ကူညီရန် တရားရုံး၏ အမိန့်အား အက်ပ်ပဲ (Apple) နည်းပညာ ကုမ္ပဏီက ဖေဖော်ဝါရီလ ၁၇ ရက်က ငြင်းဆို လိုက်သည်။

ကယ်လီဖိုးနီးယား အလယ်ပိုင်း ခရိုင်တရားရုံးက တရား သူကြီး Sheri Pym ၏ အမိန့်မှာ Apple သုံးစွဲသူများ ၏ လုံခြုံရေးအား ခြိမ်းခြောက်လိုက်သည့် မကြုံစဖူး တောင်းဆိုမှု တစ်ခု ဖြစ်ကြောင်း Apple ၏ အမှုဆောင် အရာရှိချုပ် တင်မိုသီကွတ် (Timothy Cook) က ပြောကြားခဲ့သည်။

“သုံးစွဲသူတွေဟာ Apple အပါအဝင် အခြား နည်းပညာ ကုမ္ပဏီတွေက သူတို့ရဲ့ ကိုယ်ရေး အချက်အလက် တွေကို အရာအားလုံး ကာကွယ်ပေးနိုင်စွမ်းရှိမယ်လို့ မျှော်လင့်ထားကြတယ်” ဟု ကွတ်က ကြေညာချက်၌ ပြောကြားထားသည်။

Apple ဖုန်းများအား တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်က ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ဆန် ဘားနား ဒီနိုမြို့၌ လူ ၁၄ ဦးသေဆုံးခဲ့သည့် သေနတ်ပစ်ခတ်မှုအား ကျူးလွန်ခဲ့သော Syed Farook နှင့် ဇနီး Tashfeen Malik တို့ကို ရဲများက အသေဖမ်းဆီးမိခဲ့စဉ် Syed Farook အသုံးပြုခဲ့သော iPhone 5c ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ iPhone အတွင်းရှိ အကြမ်းဖက်မှုနှင့် ဆက်စပ်လျက်ရှိသော အချက်အလက်များအား စစ်ဆေးရန် အတွက် စုံစမ်းစစ်ဆေးသူများက ကြိုးစား၍ ဖွင့်သော်လည်း အိုင်ဖုန်း၏ လုံခြုံရေး စနစ်အရ Passcode မရှိဘဲ ဖွင့်မရပေ။

ထို့ကြောင့် Apple ကုမ္ပဏီအနေဖြင့် iPhone အား လော့ခ်ဖြည်သည့်အခါ ၁၀ ကြိမ်ခန့် မအောင်မြင်ခဲ့လျှင် ဖုန်းထဲရှိ အချက်အလက် အားလုံး ပျက်သွားနိုင်သည့် လုံခြုံရေးစနစ်ကို ကျော်လွှားနိုင်မည့် ဆော့ဖ်ဝဲ တစ်ခုအား ဒီဇိုင်းဆွဲ တီထွင်ပေးရန် တရားသူကြီး Pym က အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ယင်း အမိန့်အား ကွတ်က သဘောတူခြင်း မရှိဘဲ ထိုသို့ ဖန်တီးရန်မှာ အလွန် အန္တရာယ်များကြောင်း တုံ့ပြန်ခဲ့ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.