Videos
ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်၌ စိန်ခေါ်မှု များစွာ ရှိကြောင်းပြောကြားခဲ့
နေပြည်တော် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရခိုင်ဒေသ အရေး နှင့် ပတ်သက်၍ ှစိန်ခေါ်မှုများစွာ ရှိသည့် အနက် အခက်ခဲဆုံးမှာ လူအများ၏ စိတ်နေစိတ်ထား ပြောင်းလဲ နိုင်ရေးမှာ အခက်ခဲဆုံး ဖြစ်မည်ဟု ထင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၀ ရက်တွင် ဆင်ဟွာ သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်၌ စိန်ခေါ်မှု များစွာ ရှိကြောင်းယခုကဲ့သို့ ရှင်းလင်း ပြောကြားခဲ့သည်။ ရခိုင် ဒေသ အရေးကိစ္စနှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်များ အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ တရုတ် သတင်းမီဒီယာများ၏ တွေ့ဆုံ မေးမြန်းမှုများအား ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲ ၊ ပြဿနာများအား နားလည်ပေးမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင် စကား ထည့်သွင်း ပြောကြားခဲ့သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံသည် သမိုင်းကြောင်း ရှည်ကြာသည့် ချစ်ကြည် ရင်းနှီးမှု ရှိကြောင်း ၊ ယခု ရင်ဆိုင် နေရသည့် ပြဿနာများသည် ခက်ခဲ ရှှုပ်ထွေးလှပြီး ချက်ချင်း ပြေလည် သွားနိုင်မည် မဟုတ်သည်ကို တရုတ်နိုင်ငံမှ နားလည် လက်ခံပေးမှု အပေါ် လွန်စွာ ကျေးဇူး တင်ရှိကြောင်း ၊ ယခုကဲ့သို့နားလည်မှုမျိုးသည် အခြား အရာများထက် ပိုပြီး အရေးကြီးကြောင်း ပြောကြားခဲ့သည်။ နိုင်ငံ ငြိမ်းချမ်းမှု မရှိဘဲ ရေရှည် တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှု ရှိလာမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အတူ တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် မြန်မာနိုင်ငံ၏ အနေအထား အပေါ် သဘောထား အမြင်များအား ထည့်သွင်း ပြောကြားခဲ့သည်။ ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုမှာ အလားအလာ ကြီးမားသကဲ့သို့ ဆက်စပ်သည့် နိုင်ငံများ အားလုံး အတွက် ပိုမို ကောင်းမွန်သော စီးပွားရေး နှင့် လူမှု ဝန်းကျင် တစ်ခု ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် ခေတ်သစ် ပိုးလမ်းမကြီး၏ တာဝန်သိပြီး ထိရောက် တိုးတက်သော အဖွဲ့ဝင် နိုင်ငံ တစ်ခု ဖြစ်လာနိုင်စွမ်း ရှိသည်ဟု ထင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ (Xinhua)