Economy
သံမှူးကြီး Dr. Zheng Zhihong က လန်ချန်း-မဲခေါင် ပတ်ဝန်းကျင်ဆိုင်ရာဓာတ်ခွဲခန်း တည်ဆောက်ခြင်း စီမံကိန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ကူညီထောက်ပံ့သည့် “အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာဓာတ်ခွဲခန်း တည်ဆောက်ခြင်း စီမံကိန်း (ပထမအဆင့်)” စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၄ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ထုတ်ပြန်ချက်အရ သိရသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong ၊ မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ်နှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုး စသည့် ဧည့်သည်တော်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနား၌ သံမှူးကြီး Dr. Zheng Zhihong က အမှာစကား ပြောကြားရာတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဂေဟစနစ်ယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်လမ်းညွှန်မှုအောက်တွင် တရုတ်နိုင်ငံ အစည်းအဝေးကြီး နှစ်ရပ် (Two Sessions) မှ အတည်ပြုခဲ့သည့် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ၌ ဘက်စုံစိမ်းလန်းသော အသွင်ကူးပြောင်းမှုနှင့် လှပသော တရုတ်နိုင်ငံ တည်ဆောက်ရေးတို့အတွက် မဟာဗျူဟာမြောက် ချမှတ်ဆောင်ရွက်ထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အပါအဝင် မဲခေါင်မြစ်ဝှမ်း နိုင်ငံများနှင့်အတူ ဂေဟစနစ်ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်ကျော်လွှားသွားလိုကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်းသည် ပတ်ဝန်းကျင်ဆိုင်ရာ ဒေတာအချက်အလက်များကို စုဆောင်းခြင်း၊ ညစ်ညမ်းမှုအခြေအနေများကို စောင့်ကြည့်ခြင်းနှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ချိတ်ဆက်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းဓာတ်ခွဲခန်းသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သော ဂေဟစနစ်ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်သူများ၏ ကျန်းမာရေးနှင့် သုခချမ်းသာကိုမြှင့်တင်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်အတွက် အရေးပါသော အခြေခံ အဆောက်အအုံတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ရပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက်က ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ကူညီထောက်ပံ့သည့် “အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာဓာတ်ခွဲခန်း တည်ဆောက်ခြင်း စီမံကိန်း (ပထမအဆင့်)” စီမံကိန်းဖွင့်ပွဲ အခမ်းအနားမြင်ကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ – Chinese Embassy in Myanmar)
