Politics, Law & Military
မြန်မာနိုင်ငံ နေပြည်တော်တွင် ဝါးကားတိမ်းမှောက်ပြီး လူ ၁၆ ဦးသေဆုံးကာ ၂၁ ဦး ထိခိုက်ဒဏ်ရာ ရရှိ
နေပြည်တော်၊ မေ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေ-လွင်သာယာကျေးရွာကြား၊ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ယနေ့(မေ ၂ ရက်) နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်က ဝါးများသယ်ဆောင်လာသည့် (၆)ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပြီး ယာဉ်ပေါ်ပါ လူ ၁၆ ဦးသေဆုံးကာ ၂၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။“ ဝါးကားက မြေသားကျွံကျပြီး ချောက်ထဲမှောက်တာ၊ အဲဒီနေရာမှာတင် ပွဲချင်းပြီး ၁၆ ယောက် သေတယ်၊ ကားပေါ် ဝါးတွေကလည်း အပြည့်၊ လူတွေကလည်း အများကြီးပါနေတော့ ဝိတ်ကအတော်များတယ်” ဟု နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ ရဲအရာရှိက ဆိုသည်။
အဆိုပါ ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွါးခဲ့ကြောင်း၊ ယင်း ယာဉ်ပေါ်ပါ လူ (၃၈)ဦးအနက် အမျိုးသား (၉)ဦး၊ အမျိုးသမီး (၇)ဦး စုစုပေါင်း(၁၆)ဦး သေဆုံးကာ အမျိုးသား (၈)ဦး၊ အမျိုးသမီး (၁၃)ဦး စုစုပေါင်း(၂၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။ယင်း ဒဏ်ရာရရှိသူများအား နေပြည်တော်၊ ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ (Xinhua)
