Environment, Disasters & Accidents
မြန်မာနိုင်ငံတွင် ပူပြင်းခြောက်သွေ့ကာ အပူချိန်မြင့်တက်နေသည့်ကြားမှ ကြိုးစားရုန်းကန်နေကြရသည့် ကာယအလုပ်သမားများ
ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် မတ်လ ၂၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့် နေကျဲကျဲတောက်ပူပြင်းနေချိန်၌ အပူဒဏ်ကြောင့် လူအများစုမှာ အပြင်မထွက်ဘဲ အိမ်ထဲ၌သာ နေကြသည့်အချိန်တွင် ဦးစိုးညွန့်မှာမူ ၎င်း၏ ဆိုက်ကားပေါ်၌ ထိုင်ရင်း နေ့တွက်မကိုက်သေးသည့် တစ်နေ့တာ ဝင်ငွေများကို ရေတွက်လျက်ရှိသည်။
၎င်း၏ နဖူးပေါ်မှတစ်ဆင့် နားထင်တစ်လျှောက် ချွေးများစီးကျလျက်ရှိသည်။
“ရာသီဥတုက အရမ်းပူတယ်။ အပူဆုံးအချိန်တွေမှာ လူအများစုက အပြင်မထွက်ကြဘူး” ဟု မျက်နှာပေါ်မှ ချွေးများကို သုတ်ရင်းဖြင့် ၎င်းက ပြောသည်။
အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်သော ထိုဆိုက်ကားဆရာကြီးအတွက် ခရီးသည်မရှိခြင်းမှာ စားဝတ်နေရေးကို ထိခိုက်မှုရှိသလို ၎င်း၏ဝင်ငွေမှာလည်း သုံးပုံတစ်ပုံခန့် လျော့နည်းသွားသည်ဟု ဆိုသည်။
ပြင်းထန်လှသော အပူဒဏ်ကြောင့် ခရီးသည် ကျဲပါးနေသော်လည်း၊ စားဝတ်နေရေး ဖူလုံစေရန်အတွက် နေပူမရှောင် ဆက်လက် လုပ်ကိုင်နေရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိကြောင်း ၎င်းက ပြောသည်။
အပူဒဏ်ကို လုံးဝမခံမရပ်နိုင် ဖြစ်လာသောအခါ ၎င်းအနေဖြင့် သစ်ပင်ရိပ်အောက်တွင် အရိပ်ခိုရကြောင်း ဆိုသည်။
“ကျွန်တော်တို့လို ပိုက်ဆံမရှိတဲ့သူတွေအတွက် အပူဆုံးအချိန်မှာ သစ်ပင်အရိပ်က အကောင်းဆုံးပါပဲ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အပူချိန်မြင့်တက်မှုမှာ လူတိုင်းကြုံတွေ့နေရသည့် တူညီသော လက်တွေ့ဘဝတစ်ခု ဖြစ်လာခဲ့သည်။ ဧပြီ ၂၁ ရက်တွင် အပူချိန်များသည် ရန်ကုန်မြို့၌ ၃၈ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်ခဲ့ပြီး မကွေးတိုင်းဒေသကြီးရှိ ချောက်မြို့ကဲ့သို့သော အလယ်ပိုင်းဒေသများတွင် ၄၄ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ခဲ့ရာ နေ့စဉ်သွားလာလှုပ်ရှားရသည့် ပုံစံများ ပြောင်းလဲသွားခဲ့ရကြောင်း သိရသည်။
ရန်ကုန်မြို့လယ်ခေါင်တွင် ဦးထုပ်ဆောင်းထားသော အသက် ၇၀ အရွယ်ရှိ ဦးသန်းညွန့်က ထီးတစ်လက်ကိုကိုင်ကာ သစ်ပင်တစ်ပင်အောက်၌ ထိုင်နေသည်။ ၎င်းသည် အပူရှိန်ပြင်းသောကြောင့် သစ်ပင်ရိပ်အောက်တွင် အရိပ်ခိုနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
“အိမ်မှာ အဲကွန်းမရှိတော့ အခန်းကအရမ်းပူတယ်။ မီးပျက်ပြီး အရမ်းပူနေတဲ့အချိန်မှာဆိုရင် ဝရန်တာမှာထွက်ထိုင်ပြီး ယပ်ခတ်နေရတာပေါ့” ဟု ၎င်းက ပြောသည်။
လမ်းဘေးဈေးသည် ဒေါ်ညွန့်မြိုင်အတွက်မူ အပူဒဏ်ကြောင့် ၎င်း၏ စားဝတ်နေရေး (အသက်မွေးဝမ်းကျောင်းမှု) မှာလည်း ထိခိုက်နစ်နာမှုများ ရှိနေခဲ့ကြောင်း သိရသည်။
“ရာသီဥတု အရမ်းပူတဲ့အချိန်မှာ အရောင်းအဝယ်တွေ ပါးသွားတယ်။ အဲဒီလို အပူဒဏ်ကို ရင်ဆိုင်ဖို့အတွက် ရေများများသောက်တယ်။ ပြီးတော့ မြန်မာ့ရိုးရာ သနပ်ခါးအမြစ်ကို သွေးလိမ်းပြီး အပူဒဏ်ကို ကာကွယ်ပါတယ်” ဟု ၎င်းက ပြောသည်။
အသက် ၆၀ နှစ်အရွယ်ရှိပြီဖြစ်သောကြောင့် ၎င်း၏ ကျန်းမာရေးအတွက်လည်း စိုးရိမ်မိသည်ဟု ဆိုသည်။
“ရာသီဥတုက အရမ်းပူတော့ အပူလျှပ်မှာကို ကြောက်တယ်။ အပူရှိန်တိုးလာတဲ့အတွက် ရင်ဆိုင်နေရတဲ့ နောက်ထပ်အခက်အခဲတစ်ခုကတော့ အရောင်းအဝယ်တွေ ကျဆင်းလာပြီး ဝင်ငွေလျော့နည်းလာတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
လူငယ်လုပ်သားများမှာလည်း အပူဒဏ်မှ ကင်းလွတ်ခြင်းမရှိပေ။ ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် ပါဆယ်ပို့ဆောင်သူ ကိုအောင်ဝေဖြိုးက ၎င်း၏ကျန်းမာရေးအတွက် ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်းနှင့် အိပ်ရေးဝဝအိပ်ခြင်းတို့ဖြင့် ဂရုစိုက်နေရသည်ဟု ပြောကြားခဲ့သည်။
သို့သော် အနားယူခြင်းကြောင့် ဝင်ငွေထိခိုက်မှုရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
“ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က အနားယူဖို့ တောင်းဆိုနေပေမဲ့ ဝင်ငွေရရှိဖို့အတွက် အလုပ်ကို ဆက်ပြီးလုပ်နေရတယ်။ ကျွန်တော် အနားယူလိုက်ရင် ဝင်ငွေလျော့သွားမှာလေ။ ဒါကြောင့် ကျန်းမာရေးကိုလည်း ဂရုစိုက်ရင်းနဲ့ အပူဆုံးအချိန်တွေမှာတောင် ဆက်ပြီး အလုပ်လုပ်နေရတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
အပူချိန်များ အမြင့်ဆုံးဖြစ်လေ့ရှိသည့် မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဇုန်တွင် နေ့စဉ်လုပ်ငန်းဆောင်တာများသည် သိသိသာသာ ပိုမို ပြောင်းလဲလာခဲ့သည်။
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ဧပြီ ၂၁ ရက်၌ အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ကျော်အထိ အပူချိန်မြင့်တက်ခဲ့သည်။ မင်းဘူးမြို့ခံ အသက် ၃၆ နှစ်အရွယ် ကိုကိုမောင်က ဒေသခံများအနေဖြင့် ၎င်းတို့၏အိမ်များပတ်လည်တွင် ရေဖျန်းကြပြီး အရိပ်ရသော သစ်ပင်များအောက်တွင် နေထိုင်ကြရကြောင်း ပြောကြားခဲ့သည်။
“အခုဆိုရင် ကျွန်တော်တို့ နေ့လယ်ပိုင်းကနေ ညနေ ၄ နာရီလောက်အထိ အလုပ်လုပ်လို့ မရတော့ဘူး။ ရာသီဥတု အရမ်းပူတဲ့အချိန်မှာ ဓာတ်ဆားရည်တွေ သောက်ကြရတယ်။ နောက်ပြီး သက်ကြီးရွယ်အိုတွေကတော့ အလွန်အမင်း ပြင်းထန်လွန်းတဲ့ အပူဒဏ်က ရှောင်ရှားနိုင်ဖို့အတွက် အပူဒဏ်သက်သာရာနေရာတွေကို သွားပြီးနေကြရတယ်” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့အတော်များများသည် မကြာသေးမီက ကမ္ဘာ့အပူဆုံးနေရာများစာရင်းတွင် ပါဝင်ခဲ့ပြီး အစိုးရတာဝန်ရှိသူများက ဧပြီလဆန်းမှစ၍ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအတွက် အပူရှောင်စခန်းများ ဖွင့်လှစ်ရန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက အပူချိန်တွေမြင့်တက်လာရတာက ရာသီဥတုပြောင်းလဲလာတာကြောင့်ဖြစ်တယ်” ဟု ဆင်ဟွာသို့ ဧပြီ ၂၁ ရက်တွင် ပြောသည်။
“နွေရာသီမှာ အပူချိန်မြင့်တက်ခြင်းကြောင့် ဖြစ်တတ်တဲ့ မိုးတိမ်တောင်ဖြစ်စဉ်တွေကြောင့် လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကိုလည်း ဂရုပြုဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနကလည်း လူအများအနေဖြင့် အေးမြ၍ အရိပ်ရသောနေရာနှင့် လေဝင်လေထွက်ကောင်းသော နေရာများတွင် နေထိုင်ကြရန်၊ အပူဆုံးအချိန်များတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ကြရန်နှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါ ခံစားနေရသူများအတွက် အထူးဂရုပြု ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် လမ်းညွှန်ချက်များ ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဒေသအတော်များများတွင် မကြာသေးမီရက်ပိုင်းအတွင်းက အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်သည့် မြင့်မားသော အပူချိန်များကို ခံစားခဲ့ကြရပြီး ယင်းအခြေအနေမှာ နောက်ထပ် ၁၀ ရက်ခန့်အထိ ဆက်လက်တည်ရှိနေနိုင်မည်ဟုထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် မုတ်သုံမစမီ ဧပြီလနှင့် မေလများသည် အပူချိန်များ မြင့်တက်လာလေ့ရှိသောကြောင့် အပူဆုံးလများဖြစ်သည်။ (Xinhua)
