Connect with us

Myanmar

မြန်မာနိုင်ငံ၏ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ထောင်ပေါင်းများစွာသော အားကစားသမားများ အရည်အချင်းများ မြှင့်တင်ရန် ဝင်ရောက်ယှဉ်ပြိုင်

မြန်မာနိုင်ငံ နေပြည်တော်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၁၀ ရက်၌ ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားပြိုင်ပွဲအချို့ မြင်ကွင်းများ (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အစိုးရရုံးများစွာ အခြေစိုက်ရာ နေပြည်တော် ကောင်စီနယ်မြေအတွင်းက ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ဒီဇင်ဘာ ၉ ရက် ညနေခင်းအချိန်က ရောင်စုံမီးရောင်များ၊ အသံများသည် စိတ်လှုပ်ရှားဖွယ်ရာ ခမ်းနားလှသည်။

မြန်မာနိုင်ငံ၏ သမိုင်းတွင် အကြီးကျယ်ဆုံးသော အားကစားပွဲတော်အဖြစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ပရိသတ်နှင့် အားကစားသမား ထောင်ပေါင်းများစွာ စုဝေးရောက်ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံအနှံ့အပြားရှိ အားကစားသမား ၁၂,၀၀၀ ခန့် တက်ရောက်ခဲ့သည်။

ယင်းဖွင့်ပွဲအခမ်းအနားတွင် အားကစားသမားများ၏ တက်ကြွသော တင်ဆက် ပြသမှုများနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ မီးရှူးမီးပန်းများအပြင် တပ်မတော်(လေ)၏ လေထီးဖြင့်ဆင်းသက်မှုများက ဖွင့်ပွဲအခမ်းအနားကို ပိုမိုထင်ရှားပေါ်လွင်စေခဲ့သည်။ ပြေးခုန်ပစ်အားကစားနှင့် မြန်မာ့ယဉ်ကျေးမှုအခင်းအကျင်းများသည်လည်း ပြပွဲကို ထင်ရှားစေပြီး နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည်။

ယခုနှစ် အားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်များက အားကစားနည်း ၆ နည်း ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အားကစားနည်း ၂၃ နည်း နှင့် မသန်စွမ်းအားကစားနည်း ၄ နည်းဖြင့် ကျင်းပလျက်ရှိသည်။

“ဒီလိုပွဲမျိုးမှာ သမီးအနေနဲ့ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရတာ ဖြစ်ပါတယ်၊ဒီမှာပြိုင်ရတဲ့အတွက် ပျော်ပါတယ်”ဟု မကွေးတိုင်း ဒေသကြီး အမျိုးသမီး ပိုက်ကျော်ခြင်းအဖွဲ့မှ အသက် ၁၃ နှစ်အရွယ် မသီရိရွှေစင်က ၎င်း၏ ပထမဆုံး အမျိုးသားအားကစားပွဲနှင့် ပတ်သက်ပြီး စိတ်လှုပ်ရှားမှုကို ပြောကြားသည်။

အခြားအားကစားသမားများ၏ စွမ်းရည်များကိုလည်း ခွန်အားယူလျက် “သမီးထက် ပိုပြီးတော်တဲ့သူတွေ အများကြီး တွေ့ရတယ်၊ အသက်ကြီးလာရင် အားကစားနည်းပြတစ်ယောက် ဖြစ်ချင်ပါတယ်”ဟု မသီရိရွှေစင်က ဆိုသည်။

အမျိုးသားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်ပြီး “အံဩဖွယ်ရာကောင်းတဲ့ ဖျော်ဖြေမှုတွေရယ် လေထီးခုန်တာတွေကိုတွေ့တယ်၊ ဖွင့်ပွဲအခမ်းအနားက အံ့ဩဖို့ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးမှ အသက် ၁၉ နှစ်အရွယ် ပိုက်ကျော်ခြင်း အားကစားသမား မောင်ဇော်မင်းခန့် က “အဖေနည်းပြဆိုတော့ ငယ်ငယ်ကတည်းက ပိုက်ကျော်ခြင်းကစားတယ်၊ ဒါပေမဲ့ဒီလို ကြီးမားတဲ့ အားကစားပွဲတော်ကြီးမှာတော့ ကျွန်တော် ပထမဆုံးအကြိမ် ပါဝင်တာဖြစ်တယ်” ဟု ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။

အဆိုပါ အားကစားဖွင့်ပွဲအခမ်းအနားသည် မယုံနိုင်လောက်အောင်ဖြစ်ခဲ့ပြီး အနုပညာရှင်များ၏ ဖျော်ဖြေမှုများအပါအဝင် အစီစဉ်များစွာမြင်တွေ့ရကြောင်း ၎င်းက ဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရန် မျှော်မှန်းထားကြောင်း မောင်ဇော်မင်းခန့်က ပြောသည်။

“ ရွှေတံဆိပ်တွေ အများကြီးရဖို့ ကျွန်တော် ကြိုးစားမှာပါ” ဟု ၎င်းက ဆိုသည်။

ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများအကြား ခင်မင်ရင်းနှီးမှုများနှင့် ပတ်သက်ပြီး “ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေကြပေမဲ့ ကျွန်တော်တို့အားလုံး ဒီမှာ သူငယ်ချင်းတွေပဲ” ဟု မောင်ဇော်မင်းခန့်က ပြောသည်။

မန္တလေး အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ နည်းပြချုပ် ဦးထက်ဇော်က စွမ်းရည်မြှင့်တင်ရန် အားကစားပွဲတော်၏ အရေးကြီးပုံကို မီးမောင်းထိုးပြခဲ့သည်။ “ဒီပွဲက လူငယ်အားကစားသမားတွေအတွက် ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ပေးစွမ်းပါတယ်။ ကျွန်တော်တို့ စခန်းသွင်းလေ့ကျင့်မှု အချိန် နှစ်လလောက် ပြင်ဆင်ခဲ့တယ်” ဟု ပြောသည်။

အမျိုးသားအားကစားပွဲတော်က အရှေ့တောင်အာရှအားကစားပြိုင်ပွဲကဲ့သို့ နိုင်ငံတကာပြိုင်ပွဲများအတွက် အလားအလာရှိသော အားကစားသမားများကို ဖော်ထုတ်ရန် စင်မြင့်တစ်ခုအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက မှတ်ချက်ပြုသည်။

တနင်္သာရီတိုင်းဒေသကြီးမှ အသက် ၁၉ နှစ်အရွယ် ဘော်လီဘောကစားသမား မဇင်မင်းဖြူက အမျိုးသားအားကစားပွဲတော်သည် ၎င်း၏ အိပ်မက်များဆီသို့ လျှောက်လမ်းရန် အရေးပါကြောင်း ပြောကြားခဲ့သည်။

“ကျွန်မဘော်လီဘောကစားတာ နှစ်နှစ်ရှိပြီ၊ ကျွန်မ မိဘနှစ်ပါးစလုံးက အားကစားတွေ လုပ်ခဲ့ကြတယ်” ဟု ၎င်းက ဆိုသည်။

“ဒီပွဲက ကျွန်မကို သူငယ်ချင်းအသစ်တွေနဲ့ ဆရာကောင်းတွေကို ရရှိစေတယ်၊ တစ်နေ့ကျရင် နိုင်ငံ့လက်ရွေးစင်ကစားသမားဖြစ်ချင်ပါတယ်” ဟု မဇင်မင်းဖြူက ပြောသည်။

ရန်ကုန်မြို့မှ အမျိုးသားအားကစားပွဲတော်ကိုကြည့်ရှုသူ ပရိသတ်တစ်ဦးဖြစ်သော အသက် ၂၃ နှစ်အရွယ် မောင်မင်းခန့်နိုင်က “ နိုင်ငံတစ်ဝန်းက အားကစားသမားတွေ စုစည်းရောက်နေတာတွေ့ရတော့ တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ”ဟုဆိုသည်။

“ဖွင့်ပွဲအခမ်းအနားအတွင်း ဖျော်ဖြေတင်ဆက်မှုများ အထူးသဖြင့် လေထီးဆင်းသက်ခြင်းနဲ့ ယဉ်ကျေးမှုအကများက ရင်သပ်ရှုမောဖွယ်ရာပါပဲ”ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အမျိုးသားအားကစားပွဲတော်ကို လာမည့် (၃၃ ) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လည်းကောင်း၊
လူထုစိတ်ဝင်စားမှုနှင့် အားကစားတွင်ပါဝင်မှုကို အားပေးသည့် အနေဖြင့်လည်းကောင်း ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

နိုင်ငံတော်၏ အားကစားအဆင့်အတန်းကို ပိုမိုတိုးတက်မြင့်မားလာစေရေး၊ လက်ရွေးစင်လူငယ်ကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ခင်ရင်းနှီးမှု ရရှိပြီး အားကစား လှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက် လာစေရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားအားကစားပွဲတော်သည် ၁၉၉၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ပထမဆုံးကျင်းပပြုလုပ်ခဲ့ပြီး အားကစားနည်း ၂၂ မျိုးဖြင့် စတင်ကျင်းပသည့် သမိုင်းကြောင်းရှည်ကြာခဲ့ပြီ ဖြစ်သည်။ ယခုနှစ် ပွဲတော်သည် အားကစားသမား အရေအတွက် အများဆုံးနှင့် ပွဲတော်အစဉ်အလာကို ဆက်လက် ထိန်းသိမ်းလျက်ရှသည်။

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၏ ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၀ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။ (Xinhua)