Politics, Law & Military
ADB ချေးငွေ ဒေါ်လာ ၄၀ ဒသမ ၅ သန်းချေးယူရန် လွှတ်တော် အတည်ပြု
နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်းချေးယူရန် ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက ဆန္ဒမဲဖြင့် ဆုံးဖြတ် အတည်ပြုခဲ့သည်။
အဆိုပါ ချေးငွေအား မည်သို့ သုံးစွဲမည် ဆိုသည်နှင့် ချေးယူသင့်သော ချေးငွေဖြစ်သည် ဟူသည့် အချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ယခင်အပတ်က ဆွေးနွေးထောက်ပြ အကြံပြုချက်များ နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်း တင်ပြအပြီးတွင် လွှတ်တော်က ဆုံးဖြတ် အတည်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ ချေးငွေဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် “စိုက်ပျိုး စီးပွားရေး လုပ်ငန်းဆိုင်ရာ တန်ဖိုး ကွင်းဆက် စီမံကိန်း” ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ချေးငွေကို ထိရောက်စွာ အသုံး ပြုသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် လည်းကောင်း ပူးပေါင်းပြီး တာဝန်ယူ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှ ကျော်က ရှင်းလင်း တင်ပြခဲ့သည်။
စီံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြု ဆွေးနွေး ထောက်ပြချက်များသည် လျော်ကန် သင့်မြတ်ပြီး လိုက်နာ ရမည်ဖြစ်ကြာင်း ထောက်ခံ ပြောဆိုခဲ့ကာ အဆိုပါ ချေးငွေအား ပြည်ထောင်စုလွှတ်တော်က ခွင့်ပြု ပေးရန် တင်ပြခဲ့သည်။ ထို့နောက် ပြည်ထောင်စု လွှတ်တော်၏ သဘောထားကို စက်ခလုတ်ဖြင့် ဆန္ဒမဲများ ရယူခဲ့ရာ ထောက်ခံမဲ ၄၅၄ မဲ၊ ကန့်ကွက်မဲ ၁၁ မဲ၊ ကြားနေ ငါးမဲ ဖြစ်၍ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။ (Xinhua)