Connect with us

Culture

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သည့် တရုတ်လက်ရေးလှပညာရပ်ဆိုင်ရာ သင်တန်းများက ယဉ်ကျေးမှုချင်း ဖလှယ်နိုင်မှုကို ပိုမိုအားကောင်းစေ

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသော တရုတ်လက်ရေးလှသင်တန်းတွင် လက်ရေးလှရေးသားနေကြသော သင်တန်းသားများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာအတွင်း၌ စက္ကူပေါ်တွင် စုတ်တံရေးချက်အသံများက ငြိမ်သက်အေးချမ်းသော တေးဂီတတစ်ခုသဖွယ် အခန်းတွင်း၌ စည်းချက်ကျကျ ထွက်ပေါ်လျက်ရှိသည်။
သင်တန်းသားများက အဖြူရောင်စာရွက်များပေါ်တွင် ကိုယ်ကို ကိုင်းညွှတ်ကာ စိတ်ရှည်ရှည်နှင့် ထိန်းချုပ်၍ လက်ရေးတစ်ချက်ချင်းစီကို ဂရုတစိုက် အာရုံစိုက်ရန် လိုအပ်သော တရုတ်လက်ရေးလှပညာကို လေ့ကျင့်လျက်ရှိသည်။
တရုတ်လက်ရေးလှပညာကို လေ့ကျင့်နေကြသူများက ယခုအတန်းသည် လက်ရေးကောင်းမွန်လာစေရန်သာ မဟုတ်ပေ။ ၎င်းသည် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ပိုမိုစဉ်းစားဆင်ခြင်နိုင်သည့် နည်းလမ်းတစ်ခုသို့ ဝင်ရောက်ရန် တံခါးပေါက်တစ်ခုဖြစ်ကြောင်း သိရသည်။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ တရုတ်စာအဓိကကျောင်းသူ အသက် ၂၃ နှစ်အရွယ်ရှိ မအေးချမ်းသူက ၎င်းအနေဖြင့် သိလိုစိတ်ပြင်းပြခြင်းကြောင့်လည်းကောင်း၊ ၎င်း၏ လက်ရေးလက်သားကို ပိုမိုကောင်းမွန်အောင် ပြုပြင်လိုခြင်းကြောင့်လည်းကောင်း အဆိုပါသင်တန်းသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ကျွန်မက လက်ရေးလှ ဘယ်လိုရေးလဲဆိုတာ သင်ယူချင်တာပါ။ အရင်က ကျွန်မရဲ့ လက်ရေးက သပ်ရပ်မှုမရှိဘူး။ ဒါကြောင့် ဒီသင်တန်းတက်ပြီးရင် လက်ရေးလေးတွေ ပိုပြီးလှပလာမယ်၊ ပိုပြီး စနစ်တကျဖြစ်လာမယ်လို့ မျှော်လင့်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။
သို့သော်လည်း ၎င်း၏ စိတ်ဝင်စားမှုမှာ လက်ရေးလှရေးသားခြင်း ပညာရပ်တစ်ခုတည်းအပေါ်တွင်သာမကဘဲ ထို့ထက်ပိုမို ကျယ်ပြန့်ကြောင်း ဆိုသည်။
“ကျွန်မက တရုတ်ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရိုးရာဝတ်စုံတွေကိုလည်း ကြိုက်တယ်။ တကယ်လို့ တရုတ်စာလုံးတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်ချင်တယ်ဆိုရင်တော့ လက်ရေးလှပညာရပ်ဟာ သင်ယူဖို့ တန်ဖိုးရှိတဲ့ အရာတစ်ခုပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အခြားသူများအတွက်မူ ယခုကဲ့သို့ လေ့ကျင့်ခြင်းသည် ၎င်းတို့၏ ပညာသင်ကြားရေးနှင့် နီးကပ်စွာ ဆက်နွှယ်နေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ အသက် ၂၄ နှစ်အရွယ် မခင်ချိုလွင်ကမူ တရုတ်လက်ရေးလှပညာရပ်က တရုတ်စာကို စနစ်တကျ သင်ယူနိုင်ရန်အတွက် အခြေခံကောင်းတစ်ခုအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်မတို့ တရုတ်စာကို လေ့လာတဲ့အခါမှာ လက်ရေးလှပညာရပ်က တကယ့်ကို အရေးကြီးပါတယ်။ ဘယ်လိုမှန်ကန်စွာရေးသားရမလဲဆိုတာ နားလည်ဖို့ သင်တန်းကနေ ကူညီပေးပါတယ်။ လက်ရေးလှ ရေးနည်းပုံစံကို သိသွားတာနဲ့ စာရေးခြင်းက ပိုပြီး စနစ်တကျ ဖြစ်လာပါတယ်” ဟု ၎င်းက ပြောသည်။
“ကျွန်မက ငယ်ငယ်ကတည်းက တရုတ်စာကို သင်ယူခဲ့တာဆိုတော့ ဒီယဉ်ကျေးမှုကို စိတ်ဝင်စားလာခဲ့တာ တော်တော်ကြာပါပြီ” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
အသက် ၂၄ နှစ်အရွယ် မမြင့်မြတ်သူအတွက်မူ ယင်းပညာရပ်၏ဆွဲဆောင်မှု အနှစ်သာရမှာ စာလုံးများ၏ ကိုယ်ပိုင်အလှတရား (သို့မဟုတ်) စာလုံးများ၏ ပုံသဏ္ဌာန်ပေါ်တွင်ပင် တည်ရှိနေသည်ဟု ဆိုသည်။
“ကျွန်မ ဒီသင်တန်းကို တက်ဖြစ်ခဲ့တာက အဓိကအားဖြင့် တရုတ်စာလုံးတွေကို သဘောကျလို့ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းအနေဖြင့် သမိုင်းနောက်ခံရုပ်ရှင်ကားများတွင် တွေ့မြင်ရလေ့ရှိသည့် ယဉ်ကျေးမှုဆိုင်ရာ ပုံရိပ်လွှာများကိုလည်း စိတ်ပါဝင်စားသူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။
“ကျွန်မက တရုတ်ရိုးရာဝတ်စုံတွေကို အရမ်းစိတ်ဝင်စားတာပါ။ အထူးသဖြင့် ဟန့်ဖူ (Hanfu) ဝတ်စုံတွေကိုပေါ့” ဟု ၎င်းက ပြောသည်။
တချို့ကမူ တရုတ်ယဉ်ကျေးမှုစင်တာ၏ အခြားသော လှုပ်ရှားဆောင်ရွက်မှုများမှတစ်ဆင့် ယင်းသင်တန်းကို သိရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ်ရှိ မစုဝင်းလတ်က ၎င်းအနေဖြင့် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာမှ ပြုလုပ်သော လူထုလှုပ်ရှားမှုပွဲများနှင့် အွန်လိုင်းသတင်းထုတ်ပြန်ချက်များမှတစ်ဆင့် ယင်းသင်တန်းအကြောင်းကို စတင်သိရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်မအနေနဲ့ တရုတ်ယဉ်ကျေးမှုစင်တာကို သွားရောက်ခဲ့ဖူးသလို စင်တာရဲ့ Page ကိုလည်း Follow လုပ်ထားပါတယ်။ အဲဒါကြောင့် သင်တန်းကြော်ငြာကို တွေ့တဲ့အခါမှာ စိတ်ဝင်စားပြီး တက်ဖြစ်တာပါ” ဟု ၎င်းက ပြောသည်။
ယင်းသင်ခန်းစာများက ၎င်းအတွက် စာရေးသားပုံ ချဉ်းကပ်သည့်ပုံစံကို ပြောင်းလဲစေခဲ့ကြောင်း ပြောပြသည်။
“ကျွန်မတို့ သင်တန်းသားတွေအနေနဲ့ အက္ခရာရေးဆွဲပုံ အသေးစိတ် သင်ယူရသလို ဘယ်လို ဂရုတစိုက် ရေးသားရမယ်ဆိုတာကိုလည်း သင်ယူရပါတယ်။ အရင်ကတော့ ဒီအချက်တွေကို ကျွန်မ ရှင်းရှင်းလင်းလင်း မသိခဲ့ပါဘူး။ အခုတော့ တရုတ်စာ ရေးသားပုံရဲ့ တည်ဆောက်ပုံစနစ်တစ်ခုလုံးကို နားလည်သွားပါပြီ” ဟု ၎င်းက ပြောသည်။
တိုးတက်လာမှုများကို ၎င်း၏ လက်ရေးလက်ရာများတွင် သိသိသာသာ မြင်တွေ့နိုင်သည်။
“ကျွန်မရဲ့ လက်ရေးက ပိုပြီး စနစ်တကျရှိလာသလို အရင်ကထက် အများကြီး ပိုလှလာပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာသည် ယခုနှစ် နွေရာသီတွင် စုတ်တံလက်ရေးလှသင်တန်းနှင့် ဘောလ်ပင်လက်ရေးလှသင်တန်းဟူ၍ သင်တန်းနှစ်မျိုးကို ဖွင့်လှစ်ခဲ့သည်။ သင်တန်းနှစ်မျိုးလုံးကို မတ်လ (၂၅) ရက်မှ မေလ (၂၉) ရက်အထိ တစ်ပတ်လျှင် သုံးရက် သင်ကြားပို့ချပေးလျက်ရှိသည်။
အဆိုပါ နွေရာသီသင်တန်း၏ နောက်ကွယ်တွင် မြန်မာ-တရုတ် လက်ရေးလှနှင့် ပန်းချီအသင်း၏ ဥက္ကဋ္ဌဖြစ်သူ အသက် ၆၀ နှစ်အရွယ် နည်းပြ ဦးမော်လီရွှေ ဦးဆောင်သည့် စနစ်တကျရှိသော သင်ကြားမှုပုံစံတစ်ခု ရှိနေပြီး ၎င်း၏လက်ရေးလှပညာသည် တရုတ်ယဉ်ကျေးမှုကို နားလည်သဘောပေါက်ရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်ကြောင်း သိရသည်။
လက်ရေးလှပညာကို တရုတ်ယဉ်ကျေးမှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားပြီး သင်ယူသူများအနေဖြင့် စာရေးသားပုံကိုသာမက စာရေးခြင်း၏ ယင်းနောက်ကွယ်ရှိ အနုပညာနှင့် သဘောတရားများကိုပါ နားလည်သဘောပေါက်စေရန်အတွက်ပါ အထောက်အကူပြုကြောင်း ဦးမော်လီရွှေက ဆိုသည်။
လက်ရေးလှကိုသင်ကြားသူများအနေဖြင့် အခြေခံစုတ်ချက်များ၊ အစက်များ၊ အလျားလိုက်နှင့် ဒေါင်လိုက်မျဉ်းများ၊ စောင်းနေသောစုတ်ချက်များ၊ ချိတ်များနှင့် အခြေခံအရေးအကြောင်းများကို အစပြုသင်ယူရမည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ရိုးရှင်းသော စာလုံးများအဖြစ် ပေါင်းစပ်ရေးသားရမည်ဖြစ်ကြောင်၊ ယင်းသင်ယူမှုဖြစ်စဉ်ကြောင့် ကျောင်းသားများသည် ၎င်းတို့၏ တိုးတက်မှုကို တဖြည်းဖြည်းချင်း မြင်တွေ့လာရပြီး ၎င်းတို့ဘာသာယုံကြည်မှုလည်း တိုးလာမည်ဖြစ်ကြောင်း ဦးမော်လီရွှေက ရှင်းပြခဲ့သည်။
ယင်းလက်ရေးလှသင်တန်း အစီအစဉ်သည် ယဉ်ကျေးမှုချင်း ဖလှယ်နိုင်ရာတွင် ပိုမိုကျယ်ပြန့်စေရန် ရည်ရွယ်၍ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာက ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သိရသည်။
တရုတ်ယဉ်ကျေးမှုစင်တာ၏ ဒါရိုက်တာဖြစ်သူ Xiang Jianbo က ၎င်းတို့စင်တာအနေဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေရန် လက်တွေ့ကျပြီး လွယ်လွယ်ကူကူ သင်ယူနိုင်သော အစီအစဉ်များကို အဓိကထား လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ပြင် ရိုးရာယဉ်ကျေးမှုနှင့် လက်တွေ့ကျွမ်းကျင်မှုများ၊ သီအိုရီနှင့် လက်တွေ့လုပ်ဆောင်မှု အတွေ့အကြုံများကို ပေါင်းစပ်ပေးထားသည့် သင်တန်းများကိုလည်း ပုံမှန်စီစဉ် ဖွင့်လှစ်ပေးလျက်ရှိကြောင်းပြောကြားခဲ့သည်။
ယင်းအစီအစဉ်များသည် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ဆက်ဆံမှုအတွက် ကောင်းမွန်သောပလက်ဖောင်းတစ်ခုကို ဖန်တီးပေးခဲ့ပြီး စာသင်ခန်းထက်ကျော်လွန်၍ ဆက်လက်တည်ရှိနေသော ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုကို အားပေးကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသော တရုတ်လက်ရေးလှသင်တန်းတွင် လက်ရေးလှရေးသားနေကြသော သင်တန်းသားများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.