Connect with us

Videos

ရေအောက်တွင် နစ်မြုပ်နေသည့် များပြားလှစွာသော ယဉ်ကျေးမှုအမွေအနှစ်များ ပါဝင်သော နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိ သစ်သားသင်္ဘောကြီး ဆယ်ယူ

ရှန်ဟိုင်း၊ မတ် ၄ ရက်(ဆင်ဟွာ)

ရေအောက်တွင် နစ်မြုပ်နေသည့် နှစ်ပေါင်း ၁၆၀ သက်တမ်းရှိသော သင်္ဘောကြီး ဆယ်ယူမှုလုပ်ငန်းကို မတ် ၃ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၎င်းမှာ ယနေ့အထိ တရုတ်နိုင်ငံ ရေအောက်တွင် တွေ့ရှိရသည့် အကြီးဆုံးနှင့် အကောင်းဆုံးထိန်းသိမ်းထားနိုင်သည့် သစ်သားသင်္ဘောကြီး ဖြစ်ကြောင်းသိရသည်။

ရေအောက်ရှိ ယင်းသင်္ဘောကြီးသည် ချင်းမင်းဆက် ဧကရာဇ်မင်းကြီး ထုံကျစ်လက်ထက် (၁၈၆၂ ခုနှစ်-၁၈၇၅ ခုနှစ်) က ကုန်သင်္ဘောဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း အများအပြားပါရှိကြောင်း သိရသည်။

“ယန်ဇီ အမှတ်(၂)” အမည်ရှိသည့် အဆိုပါသင်္ဘောကြီးကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ချုံမင်ခရိုင် ဟန်ဆားကျွန်း အရှေ့မြောက်ဘက် ဟန်ဆားရေတိမ်ပင်လယ်ကြမ်းခင်း အနက် ၅.၅ မီတာခန့်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ရှေးဟောင်းသုတေသန စူးစမ်းလေ့လာချက်များအရ သင်္ဘော၏ အရှည်သည် ၃၈.၅ မီတာ ရှိပြီး သင်္ဘောအလယ်ပိုင်း အကျယ်ဆုံးနေရာမှာ ၇.၈ မီတာ ရှိကြောင်း သိရသည်။ အခန်းပေါင်း ၃၁ ခန်းပါရှိသည့် ယင်းသင်္ဘောတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်”ကြွေထည်မြို့တော်” ကျင်တယ်ကျန့်၏ ကြွေထည်များတင်ဆောင်ထားပြီး လက်ရာပြောင်မြောက်သည့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ပါရှိကြောင်း ဆိုသည်။

ရှန်ဟိုင်းမြူနီစီပယ်အုပ်ချုပ်ရေး ယဉ်ကျေးမှုအမွေအနှစ်ရေးရာဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ Chu Xiaobo က
“ဒီယန်ဇီ အမှတ် ၂ ရှေးဟောင်းသင်္ဘောကြီးက အဲဒီ သမိုင်းကြောင်း သက်တမ်းမှာ ကျွန်တော်တို့ တွေ့ရှိခဲ့တဲ့ ပထမဆုံးသင်္ဘောပျက်ကြီးတစ်ခုဖြစ်ပါတယ်၊ ဒီသင်္ဘောက ရပ်ဝန်းနှင့်ပိုးလမ်းမ အစပျိုးဖော်ဆောင်မှု နှင့် ယန်ဇီမြစ်ယဉ်ကျေးမှူ မှာ ရှေးဟောင်း ပင်လယ်ရေကြောင်းပိုးလမ်းမပေါ်က လူနေမှု နမူနာပုံစံကိုဖော်ညွှန်းရာရောက်ပါတယ်၊ ဒီ ယန်ဇီ အမှတ် ၂ ရှေးဟောင်း သင်္ဘောကြီးကိုဆယ်ယူနိုင်ခြင်းက တရုတ်နိုင်ငံအနေနဲ့ ရေအောက် ရှေးဟောင်းသုတေသန နယ်ပယ်မှာ ကမ္ဘာ့အဆင့်တစ်ခုကိုရောက်နေပြီ ဆိုတာကို သက်သေပြနေပါတယ်”ဟုဆိုသည်။

ယင်းမှာ တရုတ်နိုင်ငံ အနေဖြင့် ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရှေးဟောင်းသစ်သားသင်္ဘောကြီး ကို ဆယ်တင်ရန် ပမာဏကြီးမားသည့် ရေအောက် ရှေးဟောင်းသုတေသနလုပ်ငန်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။တောင်ပိုင်း ဆုန်မင်းဆက် (၁၁၂၇ မှ ၁၂၇၉) တွင် အသုံးပြုခဲ့သည့် “နန်ဟိုင်း အမှတ် ၁ ” သင်္ဘော သည် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် ရေပေါ်သို့ပေါ်လာခဲ့သည်။

“ဒီ ယန်ဇီအမှတ် ၂ ရှေးဟောင်းသင်္ဘောကြီးက ရှန်ဟိုင်းမြို့ ဟာ ရှေးယခင်ကတည်းက အရှေ့အာရှ ရဲ့ ကုန်စည်ရောင်းဝယ်ဖောက်ကားပြီး သင်္ဘောတင်ပို့မှု ပြုလုပ်ခဲ့တဲ့ ဗဟိုချက်ဒေသတစ်ခုဖြစ်ခဲ့ပြီး ဒီကနေ့ခေတ်မှာတောင် ရပ်ဝန်းနှင့်ပိုးလမ်းမရဲ့ အချက်အချာကျတဲ့မြို့တစ်မြို့ဖြစ်နေဆဲပဲဆိုတာ သက်သေပြသနိုင်ခဲ့ပါတယ်” ဟု ရှန်ဟိုင်းမြူနီစပါယ်အုပ်ချုပ်ရေး ယဉ်ကျေးမှုအမွေအနှစ်ရေးရာဌာန အကြီးအကဲဖြစ်သူ Fang Shizhong က ဆိုသည်။
သင်္ဘောအပျက်အစီးများအားဆယ်ယူခြင်းလုပ်ငန်းကို ယခုနှစ်အတွင်းအပြီးသတ်နိုင်ရန်လျာထားသည်။သင်္ဘောသည် မည်သည့်အရပ်မှလာပြီးမည်သည့် အရပ်သို့သွားသည်၊ မည်သည့်အကြောင်းကြောင့် နစ်မြုပ်ခဲ့သည်၊ သင်္ဘော၏ မူလ အမည်မှာ မည်သို့ဖြစ်သည်၊ သင်္ဘောပေါ်၌ အဘယ်ကြောင့် များပြားလှစွာသော ယဉ်ကျေးမှူအမွေအနှစ်များအားတင်ဆောင်ခဲ့သည် စသည့် အချက်များအပြင် ရေအောက်ရှေးဟောင်းသုတေသနလုပ်ငန်းများဆက်လက်လုပ်ဆောင်စဉ် နောက်ထပ်သင်္ဘောပျက်များ ထပ်မံတွေ့ရှိဦးမည်လော စသဖြင့် အဖြေရှာရန်လိုအပ်နေသေးကြောင်းသိရသည်။ (Xinhua)