Connect with us

MYANMAR

ယခုရက်ပိုင်းတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု ၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်းလာသောကြောင့် အကျဘက်သို့ ဦးတည်လာနေကြာင်းဆို

နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့တွင် ဓာတ်ခွဲနမူနာပေါင်း ၂၂,၅၉၀ ခုကို စစ်ဆေးခဲ့ရာ COVID-19 အတည်ပြုလူနာသစ် ၉၈၉ ဦးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိသည့် ရာခိုင်နှုန်း ၄ ဒဿမ ၄ ရာခိုင်နှုန်းရှိကြောင်း၊ ယခုရက်ပိုင်းတွင် COVID-19 ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ ၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်းလာသောကြောင့် အကျဘက်သို့ဦးတည်လာနေကြာင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၉ ရက်တွင် ပြောသည်။

“အရင်တုန်းက ပိုးတွေ့ရာခိုင်နှုန်းက စစ်လိုက်ရင် ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းရှိတယ်။ အဲဒီကနေ ၆ ရာခိုင်နှုန်းဖြစ်တယ်။ ဒီနောက်ပိုင်းရက်တွေမှာဆိုရင် ၅ ရာခိုင်နှုန်းအောက်ကို ကျလာတော့ ကျွန်တော်တို့ အကောင်းဘက်ကို မျှော်လင့်လို့ရပြီလို့ထင်ပါတယ်။ ပြည်သူတစ်ဦးချင်းက COVID-19 ရောဂါကူးစက်နိုင်တဲ့အကြောင်းကို သဘောပေါက်နားလည်ပြီး ကိုယ်တိုင်ကာကွယ်ဖို့လိုအပ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အတိုင်းဆက်လုပ်သွားရင် ကျွန်တော်တို့ ဒီရောဂါကူးစက်မှုအရှိန်ကို တန့်နိုင်မှာဖြစ်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့‌တွင် သေဆုံးသူ ၂၆ ဦး ရှိပြီး ၎င်းတို့အနက် ရောဂါအခံရှိသူ ၂၂ ဦး ပါဝင်ကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူစုစုပေါင်း ၂၄၂၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၀ ရက်မှ ၁၉ ရက်အတွင်း တွေ့ရှိမှုနှုန်းအရ ယနေ့ တွေ့ရှိမှု ရာခိုင်နှုန်းဖြစ်သော ၄ ဒဿမ ၄ ရာခိုင်နှုန်းသည် ပိုးတွေ့ရှိမှု အနည်းဆုံး ရာခိုင်နှုန်းဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၈ ရက်တွင် ပိုးတွေ့ရှိမှု ၄ ဒဿမ ၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်တွင် ပိုးတွေ့ရှိမှု ၅ ဒဿမ ၁ ရာခိုင်နှုန်းရှိခဲ့ကြောင်းသိရသည်။

“အခုက မျှော်လင့်ချက်လေးသန်းလာတဲ့အခြေအနေပါ။ ရောဂါက ပပျောက်သွားတာမဟုတ်သေးပါဘူး။ လူနာတွေကိုလည်းဆေးရုံမှာ ကုသပေးနေရတုန်းပဲ။ ဒါကြောင့် အားလုံးသတိရှိကြပါဦး။ ကိုယ်တိုင်ဝိုင်းဝန်းပြီး ဒီရောဂါကြီးပျောက်အောင် ကူညီဆောင်ရွက်ပေးကြပါဦး’’ ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးကဆက်ပြောသည်။

ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၅၇၄,၁၂၈ ခုအားစစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၁၁၅,၁၈၇ ဦးရှိကြောင်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရသူ ၁၂၀၂ ဦးရှိပြီး ယနေ့အထိ ဆေးရုံမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၉၄,၁၁၈ ဦးရှိကြောင်း သိရသည်။ (Xinhua)